ရန်ကုန်နှင့်မန္တလေးမြို့များတွင် မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းများဆောင်ရွက်ရန်အတွက် ဂျပန်အစိုးရထံမှ ဂျပန်ယန်း၈၂ဒသမ ၂၇၃ဘီလျံချေးယူရန် ပြည်ထောင်စုလွှတ်တော်က မေ၂၀ရက်တွင် သဘောတူလိုက်သည်။
ချေးငွေကို ဂျပန်အစိုးရကိုယ်စား ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီထံမှ ချေးယူခြင်းဖြစ်ပြီးချေးငွေသက်တမ်းမှာ ဆိုင်းငံ့ဆယ်နှစ်၊ ပြန်ဆပ်ကာလ နှစ်သုံးဆယ်၊ စုစုပေါင်းသက်တမ်း နှစ်လေးဆယ်ဖြစ်သည်။
ချေးငွေအတွက် အတိုးနှုန်းမှာ တစ်နှစ်လျှင် ဝဒသမဝ၁ရာခိုင်နှုန်းဖြစ်ပြီး တွက်ချက်မှုအရ သက်သာမှုရှိသော ချေးငွေဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဦးမောင်မောင်ဝင်းက ပြည်ထောင်စုလွှတ်တော်၌ပြောကြားသည်။
အဆိုပါချေးငွေချေးယူရေးနှင့်ပတ်သက်ပြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနတို့က ပြီးခဲ့သည့် ၁၁ကြိမ်မြောက်လွှတ်တော်အစည်းအဝေးကာလ မတ်၁၂ရက်ကတည်းက လွှတ်တော်သို့တင်ပြထားခဲ့ခြင်းဖြစ်ပြီး ယနေ့တွင် အတည်ပြုခဲ့ခြင်း ဖြစ်သည်။