ထားဝယ်အထူးစီးပွားရေးဇုန်တွင် ဂျပန်က ဆိပ်ကမ်းတည်ဆောက်မည်


12 February, 2019

မြန်မာနိုင်ငံ တောင်ပိုင်း ရှိ ထားဝယ်အထူးစီးပွားရေးဇုန် တွင် ပထမဦးစားပေး စီမံကိန်းသုံးခုအနက် ဂျပန်က ဆိပ်ကမ်းတည်ဆောက်မည်ဟု ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီထံမှ သတင်းရရှိသည်။

 ထားဝယ်အထူးစီးပွားရေးဇုန်ကို လမ်း၊ လျှပ်စစ်မီးနှင့် ဆိပ်ကမ်းဟူ၍ အပိုင်းသုံးပိုင်းခွဲခြားထားရာ လမ်းကို ထိုင်းနိုင်ငံချေးငွေဖြင့်လည်းကောင်း၊ လျှပ်စစ်မီးကို ကိုယ်ပိုင်အစီအစဉ်ဖြင့်လည်းကောင်း လုပ်ဆောင်ထားခြင်းကြောင့် ဆိပ်ကမ်းတည်ဆောက်ရန် ဂျပန်နိုင်ငံနှင့် ညှိနှိုင်းနေသည်ဟု အဆိုပါကော်မတီတာဝန်ရှိသူတစ်ဦးက ပြောသည်။

 ‘‘ဆိပ်ကမ်းက ကျွန်တော်တို့ဘက်ဦးစားပေးထားတဲ့ထဲက တစ်ခုပဲ။ ဒါပဲကျန်တော့တာ။ ဆိပ်ကမ်းက ပမာဏများတယ်။ ရေနက်ဆိပ်ကမ်းဆိုတော့။ သေချာပေါက် ထိုင်းက မဆောက်နိုင်တော့ဘူး။ ငွေမရှိတော့လို့။ ဂျပန်ဘက်ကို တင်ပြတယ်’’ဟု ၎င်းက ဆိုသည်။

 ထားဝယ်အထူးစီးပွားရေးဇုန်ကို လက်ရှိအစိုးရသက်တမ်းအတွင်း သိသာမြင်သာသည့် ရလဒ်ကောင်းများ ရရှိရန် ဂျပန်နိုင်ငံကို တိုက်တွန်းထားကြောင်း ၎င်းက ဆိုသည်။

 အထူးစီးပွားရေးဇုန်အတွက်လိုအပ်သည့် နှစ်လမ်းသွားလမ်း ကို ထိုင်းနိုင်ငံချေးငွေ ဒေါ်လာသန်း၁၃၀ ဖြင့် ဆောင်ရွက်ရန် စီစဉ် ထားသည်။

 ထားဝယ်အထူးစီးပွားရေး ဇုန်ကို ၂၀၃၀ မတိုင်မီ သင်္ဘောဆိပ် ကမ်းနှင့် အသေးစား စက်မှုလုပ် ငန်းများ အခြေစိုက်စခန်းတစ်ခု ဖြစ်လာရန် ဂျပန်နိုင်ငံက စီစဉ်ခြင်းဖြစ်သည်။  အိန္ဒိယကဲ့သို့သော ဈေးကွက်များအတွက် ရည်ရွယ်၍ ပို့ကုန်အခြေစိုက်စခန်းတစ်ခုဖြစ်လာရန်    ရည်ရွယ်ခြင်းဖြစ်သည်။

 ဂျပန်၊ ထိုင်းနှင့် မြန်မာသည် ထားဝယ်စီမံကိန်းနှင့်ပတ်သက်၍ သဘောတူညီချက်တစ်ခုကို ၂၀၁၅ က လက်မှတ်ရေးထိုးခဲ့ သည်။ ယင်းသဘောတူညီချက်အရ ဂျပန်အစိုးရသည် နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ ဂျပန်ဘဏ်မှတစ်ဆင့် အဆိုပါ စီမံကိန်း၌   ရင်းနှီးမြှုပ်နှံမည်ဖြစ်သည်။

 အဆိုပါစီမံကိန်းကို မူလက အကြီးစားစက်မှုလုပ်ငန်းနှင့် ဓာတုပစ္စည်းထုတ်လုပ်ရေး အာရုံစိုက်ခဲ့သည်။ သို့သော် စီမံကိန်းဧရိယာအတွင်း  မြေအမြောက်အမြား လစ်လပ်နေဆဲဖြစ်ပြီး အစီအစဉ်ဆွဲခဲ့သည့် ဆိပ်ကမ်းကို လက်ရှိအချိန်ထိ မတည်ဆောက်ရသေးပေ။

Infrastructure and Zones Read 78 times