မောင်တောဒေသ၌ ၂၀၁၉ ဧပြီတွင် ကညင်ချောင် စီးပွားရေးဇုန်ကို စတင်ဖွင့်လှစ် မည်ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နှင့် ကုန်သွယ်မည်ဟု ကညင်ချောင်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး လီမိတက် တာဝန်ရှိသူများက ပြောကြားသည်။
အဆိုပါ စီးပွားရေးဇုန်ကို အစိုးရက ရှယ်ယာ ၆၅ ရာခိုင်နှုန်း နှင့် ကုမ္ပဏီများက ၃၅ ရာခိုင်နှုန်းပိုင်ဆိုင်ပြီး စီးပွားရေးဇုန်ကို ပထမအဆင့် ကုန်သွယ်ရေးဇုန် အဖြစ် စတင်မည်ဟု အဆိုပါ ကုမ္ပဏီရုံးအဖွဲ့မှူး ဦးကျော်ဇံသာ က ပြောသည်။
လက်ရှိတွင် အဆိုပါ ကုန် သွယ်ရေးဇုန်ကို မြေ ၄၉ ဧက၌ အကောင်အထည်ဖော်နေပြီး ထပ်မံ၍ မြေ ၂၅ ဧကရရှိထား သဖြင့် ၇၄ ဧက ရှိမည်ဖြစ်သည်။
ကုန်သွယ်ရေးဇုန်အတွက် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ကျပ် တစ်ဘီလီယံရှိသည်။
‘‘ဘင်္ဂလားဒေ့ရှ်ကိ ပို့မယ့် ချင်းတို့၊ ကြက်သွန်တို့၊ သားငါး တို့ကို ဟိုဘက်လူတွေ ဒီဘက်မှာ လာဝယ်ရမယ်။ ဒါဆို ဒီဘက်က အခွန်ရမယ်။ စစချင်းတော့ ကုန် သွယ်ရေးဇုန်အနေနဲ့၊ နောက်ပိုင်း မှာ ကုန်ထုတ်လုပ်မှုအပိုင်းတွေ ဆက်သွားမယ်’’
ဟု ဦးကျော်ဇံသာ က ပြောသည်။
စီးပွားရေးဇုန်တစ်ခုလုံး ပြီးစီးရန် အနည်းဆုံး သုံးနှစ်ခန့်ကြာ မည်ဟု မောင်တောနယ်စပ် ကုန် သည်များအသင်းဥက္ကဋ္ဌ ဦးအောင် မြင့်သိန်းက ပြောသည်။
ကညင်ချောင်စီးပွားရေးဇုန် ကို မောင်တောနယ်စပ်၌ ၂၀၁၅ တွင် စတင်ပြီး အစိုးရအပြောင်း အလဲနှင့် မောင်တော ဒေသ၌ဖြစ်ပွားသည့် ပဋိပက္ခများကြောင့် ၂၀၁၇ မှသာ ပြန်လည်စတင်နိုင်ခြင်းဖြစ်သည်။
အဆိုပါ စီးပွားရေးဇုန်ကို ပြည်နယ်အစိုးရနှင့် နတ်မြစ်အလင်းတန်းကုမ္ပဏီတို့က ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ပဋိပက္ခများ မဖြစ်ပွားမီ နားလည်မှုသဘော တူညီချက်ကို လက်မှတ်ရေးထိုးခဲ့ သည်။
ရခိုင်ပြည်နယ်မြောက်ပိုင်း ပဋိပက္ခများကြောင့် စီမံကိန်း ထပ်မံရပ်ဆိုင်းပြီးနောက် ပြန်လည်စတင်နိုင်ခြင်းဖြစ်သည်။
နတ်မြစ်အလင်းတန်း ကုမ္ပဏီကို ကုမ္ပဏီခုနစ်ခုဖြင့် ဖွဲ့စည်းထားပြီး မောင်တောဒေသခံ ကုမ္ပဏီလေးခုနှင့် ရန်ကုန်အခြေစိုက် ကုမ္ပဏီသုံးခု ပါဝင်သည်။
၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် ဘင်္ဂလားဒေ့ရှ်သို့ မောင်တောနယ် စပ်မှတစ်ဆင့် ပို့ကုန် ကန်ဒေါ်လာ ၁၄ သန်း တင်ပို့နိုင်ပြီး သွင်းကုန် မရှိဟု စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ ၂၀၁၈ ကြားကာလ ဘဏ္ဍာနှစ်တွင် ကန်ဒေါ် လာ လေးသန်းဖိုး တင်ပို့နိုင်ခဲ့ သည်။