ကုလားတန်မြစ်ကူးတံတားဆောက်လုပ်ရေးအတွက် လိုအပ်သည့်တံတားသံပေါင်နှင့်ဆက်စပ်ပစ္စည်းများသည် AA အဖွဲ့၏ မီးရှို့ဖျက်ဆီးမှုကြောင့်ပျက်စီးသွားရာ ယခုအခါ လျော်ကြေးငွေရရှိပြီဖြစ်သောကြောင့် မူလသတ်မှတ်ထားသည့်ရက်အတိုင်း ဖွင့်လှစ်နိုင်ရန်
ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ပြောသည်။
ဆုံးရှုံးသွားသည့်ကုလားတန်မြစ်ကူးတံတားသံပေါင်နှင့်ဆက်စပ်ပစ္စည်းများအတွက် အစားထိုးပေးအပ်ငွေ သိန်းပေါင်း ၄၉၁၀ကို IKBZ အာမခံလုပ်ငန်းက ဇွန် ၁၈ရက်တွင် နေပြည်တော်ရှိဆောက်လုပ်ရေးဝန်ကြီးဌာန၌ ပေးအပ်ခဲ့ရာ ယင်းအခမ်းအနားတွင် ဒုတိယဝန်ကြီးက ပြောကြားခဲ့ခြင်းဖြစ်သည်။
" ကျွန်တော်တို့လာမယ့် ၂၀၂၀ ဖေဖော်ဝါရီလ၂၀ရက်နေ့ ချင်းပြည်နယ်နေ့မှာဖွင့်လှစ်နိုင်ဖို့ ကြိုးစားဆောင်ရွက်နေပါတယ်။ ပျက်စီးသွားတဲ့ ပစ္စည်းတွေကို ဒီနေ့ ပြန်ရပြီဆိုတော့ ချက်ချင်းအမြန်ဆုံးပြန်လည်ထုတ်လုပ်ပြီးတော့ ပြန်လည်တည်ဆောက်သွားမှာဖြစ်ပါတယ်" ဟု ၎င်းက ပြောသည်။
AA အဖွဲ့၏မီးရှို့ဖျက်ဆီးမှုကြောင့်တံတား၏ bearing များ၊ Nut များ၊ သုတ်ဆေးပုံးများစုစုပေါင်းတန်ဖိုးကျပ် ၄၉၁,ဝ၄၀,ဝဝဝ ခန့် ဆုံးရှုံးခဲ့သည်။
"ဒီကိစ္စဟာအရေးကြီးတဲ့အတွက် ဖြစ်ဖြစ်ချင်းပဲ အာမခံစစ်ဆေးရေး အဖွဲ့တာဝန်ရှိသူတွေအားလုံးက ဆောက်လုပ်ရေးဝန်ကြီးဌာနတာဝန်ရှိသူတွေနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး သုံးလအကြာမှာ အစားထိုးငွေပေးအပ်နိုင်ခဲ့တာဖြစ်ပါတယ်။" ဟု IKBZ အာမခံကုမ္ပဏီဒုတိယ ဥက္ကဌ ဦးညိုမြင့်က ပြောသည်။
ကုလားတန်မြစ်ကူးတံတားသည် မြန်မာ - အိန္ဒိယ နှစ်နိုင်ငံကို ဆက်သွယ်ထားသည့် ပလက်ဝ - မီဇိုရမ်လမ်းပိုင်း၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ရခိုင်ပြည်နယ် အတွက်အရေးပါသည့်တံတားတစ်စင်းဖြစ်သည်။
ယင်းတံတားသည် ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ပလက်ဝမြို့အနီးတွင် တည်ရှိပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာနက တည်ဆောက်နေခြင်းဖြစ်သည်။
အမေရိကန်ဒေါ်လာ (၇၁၅,ဝဝဝ)နှင့် ညီမျှသော မြန်မာ ကျပ် (၁,ဝ၇၂,၅၀ဝ,ဝဝဝ.ဝဝ)တန်ဖိုးရှိ သံပေါင်တန်ချိန် (၂၈၆ ဒသမ ၂၃)နှင့် ဆက်စပ်ပစ္စည်းများကို ရန်ကုန်မြို့မှ ပလက်ဝမြို့သို့ MVရတနာဝင်း ရေယာဉ်ဖြင့်သယ်ဆောင်လာစဉ် မတ် ၁၆ရက်နံနက်ပိုင်းတွင် AA အဖွဲ့က လက်နက်ကြီးလက်နက်ငယ်များဖြင့် ပစ်ခတ်ကာ သင်္ဘောကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။