ကုလားတန်မြစ်ကူးတံတား(ပလက်ဝ) တံတားတည်ဆောက်ရေးစီမံကိန်း ၆၈ ရာခိုင်နှုန်းပြီးစီးပြီဖြစ်၍ လာမည့် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၂၀ ရက် (ချင်းအမျိုးသားနေ့)တွင် ဖွင့်လှစ်နိုင်အောင် ဆောင်ရွက်နေကြောင်း သိရသည်။
ကုလားတန်မြစ်ကူးတံတား(ပလက်ဝ )သည် ချင်းပြည်နယ် မင်းတပ်ခရိုင်၊ ပလက်ဝမြို့နယ်၊ မတူပီ- ပလက်ဝလမ်းတွင် တည်ရှိပြီး မတူပီမြို့၊ ဆမီးမြို့တို့ကို ဆက်သွယ်ထားကြောင်း သိရသည်။ အဆိုပါတံတားတည် ဆောက်ရေးစီမံကိန်းကို ၂၀၁၇ ခုနှစ် မေ ၁ ရက်တွင် စတင် အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ပြီး တံတားတည်ဆောက်မှုပြီးစီးပါက ရခိုင်ပြည်နယ် ကျောက်တော်မြို့နှင့် ချင်းပြည်နယ် ပလက်ဝမြို့တို့ကို ဆက်သွယ်သွားလာနိုင်မည်ဖြစ်သည်။
ပြီးခဲ့သည့် မတ် ၁၆ ရက်က ပလက်ဝတံတား စီမံကိန်းတွင် အသုံးပြုရန် လိုအပ်သော သံပေါင်များ တင်ဆောင်လာသည့် ရေယာဉ်တစ်စင်းကို မတ် ၁၆ ရက် နံနက်တွင် AA အဖွဲ့က မီးရှို့ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။
ယင်းသို့ တံတားတည်ဆောက်ရေးတွင် အသုံးပြုမည့် သံပေါင်များ မီးလောင်သွားခြင်းကြောင့် သံပေါင်များ၏ ခံနိုင်ဝန်အပိုင်းမှာ တံတားတည်ဆောက်ရေးတွင် ပြန်လည်အသုံးပြု၍ မရတော့သဖြင့် လက်ရှိသံပေါင်များကို အသုံးမပြုတော့ဘဲ သံပေါင်အသစ်များကိုသာ အသုံးပြုရန် ဆောင်ရွက်နေကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုဝန်ကြီး ဦးစိုးထက်က ပြောကြားခဲ့ကြောင်း သိရသည်။
“သံပေါင်မီးလောင်သွားတာကြောင့် သံပေါင်ထုတ်လုပ်တဲ့ကုမ္ပဏီနဲ့ ဂျပန်ပညာရှင်များက မြေပြင်ကိုလာပြီးတော့ ကွင်းဆင်းစစ်ဆေးတယ်။ မျက်မြင်စစ်ဆေးချက်အရ မီးလောင်သွားတဲ့ သံပေါင်တွေကို ပြန်သုံးလို့ရမယ်လို့ သုံးသပ်ခဲ့တယ်။ ဒါပေမဲ့ တကယ်တမ်းသေ ချာအောင် သူ့ရဲ့ ခံနိုင်ဝန် ရှိမရှိ ဓာတ်ခွဲစစ်ဆေးတဲ့အခါ တော်တော်များများ ပျက်စီးနေတယ်။
ပြန်သုံးလို့မရတော့ဘူးဆိုတဲ့ Report ထွက်လာတယ်။ ဒါကြောင့် ကျွန်တော်တို့ လက်ရှိသံပေါင်ကို မသုံးတော့ဘဲ နောက်ထပ်သံပေါင်အသစ်တွေကိုထုတ်ပြီးမှ သုံးဖို့ စီ စဉ်ဆောင်ရွက်နေပါတယ်။ သံပေါင် တွေကို မီးရှို့ခံရတာ မတ် ၁၆ ရက်ကဖြစ်ပါတယ်။ Report ထွက်နိုင်တာကိုက မေ ၂၉ ရက်မှာ ဖြစ်တဲ့အတွက် အလုပ်လုပ်ရမယ့်အချိန် နှစ်လလောက် နောက်ကျသွားတယ်။ ဒါပေမဲ့ ကျွန်တော်တို့က ၂၀၂၀ ဖေဖော်ဝါရီ ၂၀ ရက် (ချင်းအမျိုးသားနေ့)မှာ ဖွင့်နိုင်အောင် ရည်မှန်းချက် ထားတာဖြစ်တဲ့အတွက် တာဝန်ယူဆောက်လုပ်တဲ့ ဆောက်လုပ်ရေး လမ်းတံတားအဖွဲ့တွေကလည်း ကြိုးစားဆောင်ရွက်နေပါတယ်” ဟု ချင်းပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုဝန်ကြီး ဦးစိုးထက်က ပြောကြားခဲ့ကြောင်း သိရသည်။
ကုလားတန်မြစ်ကူးတံတား(ပလက်ဝ) တံတားတည်ဆောက်ရေးစီမံကိန်းကို နိုင်ငံတော်က ကျပ် ၂၇ ဘီလျံ အကုန်အကျခံ တည်ဆောက်နေခြင်းဖြစ်ပြီး ချင်းပြည်နယ်အစိုးရက ခြောက်ဘီလျံ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန အနေဖြင့် ၆ ဒသမ ၃ ဘီလျံ ထည့်ဝင် ဆောင်ရွက်သွားမည် ဟု သိရသည်။