အမေရိကန်ဒေါ်လာ ရှစ်သန်းခွဲကျော် ကုန်ကျမည့် မြန်မာ-အိန္ဒိယ ကုလားတန် မြစ်ကြောင်း ဘက်စုံသုံး ဖြတ်သန်း သယ်ယူပို့ဆောင် ရေး စီမံကိန်းဆိပ်ကမ်း တည်ဆောက်ရေး အုတ်မြစ်ချအခမ်းအနားကို ယခုလ ၁၉ ရက်နေ့တွင် ရခိုင်ပြည်နယ် စစ်တွေမြို့၌ ပြုလုပ် ခဲ့သည်။
အဆိုပါအခမ်းအနားသို့ ပို့ဆောင်ရေးဝန်ကြီးဌာနဝန်ကြီးနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး HE Dr Villur Sundararajan Seshadri နှင့် အိန္ဒိယ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးအာဏာပိုင်အဖွဲ့ဥက္ကဋ္ဌ၊ လုပ်ပိုင်ခွင့်ရ အိန္ဒိယကုမ္ပဏီ Essar Projects (India) Ltd နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။
မြန်မာ-အိန္ဒိယ ကုလားတန်မြစ်ကြောင်း သယ်ယူပို့ဆောင်ရေးစီမံကိန်းအတွက် ဆိပ်ကမ်းနှင့် ဆိပ်ခံတံတားများ တည်ဆောက်ရန် Essar Projects (India) Ltd သည် အိန္ဒိယအစိုးရနှင့် မေလတွင် စာချုပ်ချုပ်ဆိုခဲ့ကြောင်း ယင်းကုမ္ပဏီ၏ထုတ်ပြန်ချက်၌ ဖော်ပြ ထားသည်။
ယင်းစီမံကိန်းသည် အိန္ဒိယ ရူပီငွေ သန်း ၃,၄၂၀ ( အမေရိကန်ဒေါ်လာ ၈ ဒသမ ၅၅ သန်း) ကုန်ကျမည်ဖြစ်ပြီး ၃၆ လအတွင်း အပြီးတည်ဆောက် သွားမည်ဖြစ်သည်။
"Essar အနေနဲ့ ပြင်းထန်တဲ့ ယှဉ်ပြိုင်မှုတွေအကြားကနေ ဒီစာချုပ်ကို ရရှိလိုက်တာဖြစ်ပါတယ်"ဟု ယင်း ထုတ်ပြန်ချက်၌ ဖော်ပြ ထားသည်။
အဆိုပါစာချုပ်တွင် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ရှိ စစ်တွေနှင့် ပလက်ဝတွင် ဆိပ်ခံတံတားနှစ်ခုတည်ဆောက်ခြင်း၊ ကုလားတန်မြစ် ကြောင်း တစ်လျှောက် ကုန်တင်သင်္ဘောများသွားလာရအဆင် ပြေစေရန် ကုန်တင်သင်္ဘောများ တည်ဆောက်ခြင်းနှင့် မြစ်ကြောင်း တူးဖော်ခြင်းတို့ ပါဝင်သည်။
ယင်းစီမံကိန်းသည် အိန္ဒိယအရှေ့ မြောက်ပိုင်း ပြည်နယ်များမှ ကုန်စည် များ ကူးသန်းသွားလာမှုလွယ်ကူစေရန် မြန်မာအစိုးရနှင့် အိန္ဒိယအစိုးရ နှစ်နိုင်ငံ အကြားထားရှိသည့် သဘောတူညီချက် မူဘောင် (Framework Agreement) အောက်တွင် အိန္ဒိယအစိုးရက အကောင်အထည်ဖော်ခြင်းဖြစ်သည်။
အဆိုပါသယ်ယူပို့ဆောင်ရေးစီမံကိန်းသည် အိန္ဒိယ-မြန်မာ နယ်စပ်သို့ ကုလားတန်မြစ်မှ ကီလိုမီတာ ၁၂၀ အရှည်ရှိ လမ်းတည် ဆောက်ခြင်းလည်း ပါဝင်ကြောင်း၊ လမ်းတည်ဆောက်ခြင်းကို သီးခြားအကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း၊ အိန္ဒိယအရှေ့ မြောက် ပြည်နယ်များအတွက် ရေလမ်းကြောင်း ထွက်ပေါက်ဖြစ်လာမည်ဖြစ်ခြင်းကြောင့် နိုင်ငံအတွက် အရေးပါသော နည်းဗျူဟာ စီမံကိန်းဖြစ်ကြောင်း သိရသည်။
Essar Projects (India) Ltd. သည် အိန္ဒိယနိုင်ငံတွင် အင်ဂျင်နီယားရင်း၊ ဆောက်လုပ်ရေးကန်ထရိုက်ယူခြင်းတို့ တွင် အထင်ကရ ကုမ္ပဏီ တစ်ခုဖြစ်သည်။ အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၅ ဘီလျံ တန်ဖိုးရှိ စီမံကိန်းများ အကောင်အထည်ဖော်လျက်ရှိသည်။