ကလေးမြို့နှင့်ချင်းပြည်နယ်မြို့တော် ဟားခါးသွားကားလမ်း အဆင့်မြှင့်တင်ခြင်း အမြန်ဆုံးအကောင်အထည်ဖော်


09 December, 2019

ချင်းပြည်နယ်အတွင်းသွားလာရာတွင် အဓိကကျသည့် စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နှင့်ချင်းပြည်နယ်မြို့တော် ဟားခါးသွားကားလမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို အမြန်ဆုံးအကောင်အထည်ဖော်နိုင်ရန် ချင်းပြည်နယ်အစိုးရမှ သက်ဆိုင်ရာဝန်ကြီးဌာနအား ကူညီသွားမည်ဖြစ်ကြောင်း သိရသည်။

 

        "ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်းဦးစီးဌာနက ကြီးကြပ်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ လုပ်ငန်းလုပ်ကိုင်မှုကိုတော့ တင်ဒါခေါ်ယူဆောင်ရွက်သွားမှာပါ။ လမ်းအဆင့်မြှင့်တင်တဲ့လုပ်ငန်းကို အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်နိုင်ဖို့ ကျွန်တော်တို့ကြိုးစားနေပါတယ်" ဟု ချင်းပြည်နယ်ဝန်ကြီးချုပ်ရုံးမှ တာဝန်ရှသူတစ်ဦးက ဖေဖော်ဝါရီလ ၁၆ ရက်တွင် ပြောကြားထားပါသည်။

 

        ချင်းပြည်နယ်အတွင်း အဓိကကျသည့် ကလေး-ဟားခါးကားလမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို ယခုပွင့်လင်းရာသီတွင် စတင်နိုင်ရန် ကြိုးစားလျက်ရှိပြီး အဆိုပါလုပ်ငန်းကို ကမ္ဘာ့ဘဏ်ချေးငွေအမေရိကန်ဒေါ်လာသန်း ၂၀၀ ဖြင့် ဆောင်ရွက်မည်ဖြစ်သည့်အတွက် သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုနှင့် လူမှုပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုတို့ကို နည်းနိုင်သမျှနည်းအောင် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

 

        "ကလေး-ဖလမ်း-ဟားခါးကားလမ်းတစ်လျှောက်မှာရှိတဲ့မြို့တွေ၊ လမ်းဘေးဝဲယာမှာရှိတဲ့ကျေးရွာပေါင်း ၃၀ တို့ရဲ့ သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှု၊ လူမှုပတ်ဝန်းကျင်ထိခိုက်မှုတွေကို ကွင်းဆင်းစစ်တမ်းကောက်ယူသွားမှာဖြစ်ပါတယ်" ဟု Cardno မှ Survay and RAP Social Specialist ဒေါ်သက်ထားမြင့်က ပြောကြားထားပါသည်။

 

        ကလေး-ဖလမ်း-ဟားခါးကားလမ်းရှည်သည် ၁၁၅ မိုင်ဝန်းကျင်ရှိသော်လည်း မိုးရာသီကာလများတွင် တောင်ပြိုလမ်းပိတ်နေမှုများ၊ ကားလမ်းဗွက်ထနေမှုများ မကြာခဏဖြစ်တတ်ပြီး နွေနှင့်ဆောင်းကာလများတွင် ဖုန်ထူသောလမ်းများက အများစုဖြစ်ကြောင်း သိရသည်။

Region Read 158 times