ကမာကြည်တံတားအမှတ် ၂ကို ဖေဖော်ဝါရီ ပထမအပတ်တွင် ဖွင့်မည်


07 December, 2020


   ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နှင့် သင်္ယန်းကျွန်းမြို့နယ်ကို ဆက်သွယ်ထားသည့် ကမာကြည်တံတားအမှတ် ၂ ကို ၂၀၁၉ခုနှစ်၊ဖေဖော်ဝါရီလပထမအပတ်တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီထံမှ ဇန်နဝါရီလ ၂ ရက်နေ့က သိရသည်။

        အဆိုပါတံတားကို သင်္ယန်းကျွန်းမြို့နယ်၊သုဝဏ္ဏမြို့ဦးစေတီနားနှင့် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ မိုးကုတ်လမ်းကို ချဉ်းကပ်ကာ ၂၀၁၇ခုနှစ်၊နိုဝင်ဘာ ၁၅ရက်နေ့မှစတင်တည်ဆောက်ခဲ့ပြီး ယခုလက်ရှိ တံတားတည်ဆောက်မှု ရာနှုန်းပြည့်ပြီးစီနေပြီဖြစ်ကြောင်း ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးညီညီက ပြောကြားသည်။

        “အခုက ထပ်ဖိုးကတ္တရာခင်းဖို့ကျန်တယ်။ ချဉ်းကပ်လမ်းမိုးကုတ်လမ်း ခင်းဖို့ ကျန် တယ်။တံတားကိုအကောင်းဆုံးဖြစ်အောင် ကြိုးစားဆောင်ရွက်နေပါတယ်။ ယာဉ်ကြောပိတ်ဆို့ မှုတွေထပ်ဖြစ်မယ်ဆိုရင် ဘေးမှာနောက်တံတားတစ်စင်းထပ်ထိုးဖို့အတွက် လည်းကြိုးစားသွားမယ်”ဟု ၎င်းကပြောသည်။

        တံတားအမျိုးအစားမှာ သံကူကွန်ကရစ်အမျိုးအစားဖြစ်ပြီး တံတားအကျယ် ၁၁ဒသမ၅မီတာအကျယ်၊ နှစ်လမ်းသွား တံတားဖြစ်ကာ တံတားအရှည် ၂၅၈ မီတာ ရှည်လျားကြောင်းနှင့် ၅ဒသမ ၈ ဘီလျံ အကုန်အကျခံ တည်ဆောက်ခဲ့ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက အတည်ပြုခဲ့သည်။

        ကမာကြည်တံတားအမှတ်၂ကို တည်ဆောက်ရန် လျှောက်လွှာများကို ၂၀၁၇ခုနှစ် စက်တင်ဘာလက တင်ဒါခေါ်ယူခဲ့ပြီး မြတ်နိုးသူ ဆောက်လုပ်ရေး ကုမ္ပဏီက တာဝန်ယူ တည်ဆောက်ခွင့် ရရှိခဲ့သည်။

Local Read 63 times