ကန်တော်ကြီးကန်ပတ်လမ်းအောက်ဘက် သိမ်ဖြူကွင်းအနီးတွင် ကျပ်သိန်း ၁၃၂၅ဝ အကုန်ကျခံ ဖောက်လုပ်မည့် ကားလမ်းသစ်သည် ပြည်သူအတွက် ထိရောက်အကျိုးမရှိဘဲ ပျက်စီးမှုသာရှိမည့်အတွက် ကန့်ကွက်ကြောင်း မင်္ဂလာတောင်ညွှန့်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ လွှတ်တော် ကိုယ်စားလှယ်မှ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် တင်ပြခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပေးပို့သော ၂ဝ၁၈-၂ဝ၁၉ခုနှစ် ရန်ကုန်တိုင်းဒေသကြီး၏အရသုံးခန့်မှန်းခြေငွေစာရင်း(လျာထားချက်)နှင့် စပ်လျဉ်းပြီး လွှတ်တော်ကိုယ်စားလှယ်မှ ဆွေးနွေးရာတွင် အထက်ပါ အတိုင်းထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ဦးအောင်မြတ်လမ်းနှင့် ကန်ပတ်လမ်း လမ်းဆုံသည် ယခုအချိန်အထိ ကားများ အလုအယက်တိုးဝင်မောင်းနှင် နေကြသောကြောင့် ယာဉ်ကြောကျပ်တည်းမှု ဖြစ်ပေါ်နေသည့် နေရာတစ်ခုဖြစ်ပြီး ယင်းနေရာမှ လမ်းတစ်လမ်းထပ်မံထွက်လာပါက လည်း အဆိုပါ လမ်းသစ်မှ ကားများထပ်မံတိုးဝင်ဖောက်ထွက်နေကြသည့် ပြဿနာအား ကြုံတွေ့ရဦးမည်ဖြစ်ခြင်းကြောင့် လမ်းသစ်အတွက် အသုံးပြုမည့်ဘဂျက်ကျပ်သိန်း ၁၃ဝဝဝ ကျော်သည် အကျိုးမရှိသော သုံးစွဲမှုသာဖြစ်လိမ့်မည်ဟု လွှတ်တော်တွင်း ဆွေးနွေးခဲ့သည်။
ယင်းလမ်းသစ်ဖောက်လုပ်မှုအတွက် ကုန်ကျမည့် ငွေအား ပြည်သူများအတွက် အမှန်တကယ်လိုအပ်နေသော ရေရရှိရေး၊မီးရရှိရေး နှင့်လမ်းရရှိရေးတို့တွင် အသုံးပြုသင့်ကြောင်း သိရသည်။
ယခုလက်ရှိသွားနေသော ကန်ပတ်လမ်း၏ အောက်ဘက် သိမ်ဖြူကွင်းအစပ်နားမှ နောက်ထပ်လမ်းတစ်လမ်း ဖောက်လုပ်ရန်ဖြစ်သည်။တကယ်ဆို ဒီနေရာသည်ဖောက်လုပ်ရန် မသင့်သည့်နေရာပါ။
ထိုနေရာသည် သိမ်ဖြူအားကစားကွင်းနှင့် ဆက်စပ်နေသည့် ကွင်းပတ်မြေဧရိယာပင်ဖြစ်သည်။
သိမ်ဖြူအားကစားကွင်းတွင် အထပ်မြင့်ကွန်ဒို ဆောက်ရန်ပေးခဲ့သည်။ထိုဘေးတွင် ဆိုင်ခန်းများဆောက်လုပ်နေသည်။မြေနေရာမရှိတော့သည့်အတွက် ထိုနေရာအား သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရမည့် နေရာတစ်ခုဖြစ်သောကြောင့် ကန့်ကွက်ရခြင်းဖြစ်ကြောင်းသိရသည်။
Source:Democracy