နိုင်ငံတော် ဘတ်ဂျက်ဖြင့် အဆင့်မြှင့်တင်ခြင်းဆောင်ရွက်မည့် ကော့သောင်းလေဆိပ်


01 August, 2019

ရွှေမြန်မာ လေကြောင်းလိုင်းက ရင်းနှီးမြှုပ်နှံရန် နောက်ဆုတ်သွားခဲ့သည့် ကော့သောင်းလေဆိပ် အဆင့်မြှင့်တင်ခြင်းစီမံကိန်းကို ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုမရှိပါက နိုင်ငံတော်ဘတ်ဂျက်ဖြင့် ဆောင်ရွက်ရန် စီစဉ်နေကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်အောင်က ပြောသည်။

 မြန်မာနိုင်ငံ၏ ခရီးသွားမြှင့်တင်ရန်နှင့် ဒေသဖွံ့ဖြိုးရေးအထောက်အကူပြု နိုင်ရန် လေဆိပ်များ အဆင့်မြှင့်တင်ခြင်းကို ပြည်တွင်းလေဆိပ် ၃၁ ခု ရှိသည့်အနက် ၁၄ ခုကိုCIQ (Custom Immigration Quarantine) လေဆိပ်အဖြစ် လုပ်ဆောင်ရန် လျာထားသည်။ ၎င်းတို့အနက် ဟဲဟိုး၊ ကော့သောင်းနှင့် မော်လမြိုင်လေဆိပ်တို့ကို ပထမဆုံးနှင့် အမြန်ဆုံး အဆင့်မြှင့်တင်ရန် ရွေးချယ်၍ တင်ဒါခေါ်ယူခဲ့ခြင်းဖြစ်သည်။

 "ကော့သောင်းလေဆိပ်ကို မဖြစ်မနေလုပ်ဖို့ ရည်ရွယ်ထားတယ်။ ပုဂ္ဂလိက က မလုပ်ဘူးဆိုရင် နိုင်ငံတော်ဘတ်ဂျက်နဲ့လုပ်ဖို့ ဝန်ကြီးဌာနက ကုန်ကျစရိတ် မေးမြန်းနေတာရှိတယ်"ဟု ဦးရဲထွဋ်အောင်က ပြောသည်။

 ပြည်တွင်း Golden Myanmar Airline ကုမ္ပဏီက ကော့သောင်းလေဆိပ် အဆင့်မြှင့်တင်ခြင်းစီမံကိန်းအတွက် တင်ဒါအောင်မြင်ခဲ့သည်။ သို့သော် ကုမ္ပဏီက လုပ်ငန်းဆောင်ရွက်ရန် နောက်ဆုတ်သွားခဲ့ပြီး အာမခံငွေပေးသွင်း ထားသည့် ငွေကို လတ်တလောတွင် ပြန်လည်ထုတ်ပေးခြင်း မရှိသေးဘဲ နောက်ဆုတ်သည့် အကြောင်းအရာနှင့် ပတ်သက်၍ မေးမြန်းနေကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက ပြောသည်။


 ကော့သောင်းလေဆိပ် အဆင့်မြှင့်တင်ရန် တင်ဒါအောင်မြင်သည့် ကုမ္ပဏီ က အမေရိကန်ဒေါ်လာ ၃၆ သန်း ရင်းနှီးမြှုပ်နှံရန် လျာထားပြီးGolden Myanmar Airline ကုမ္ပဏီက ၆၅ ရာခိုင်နှုန်းနှင့် စင်ကာပူကုမ္ပဏီဖြစ်သော KMA Resourcese က ၃၃ ရာခိုင်နှုန်း၊ တနင်္သာရီ Capital နှင့် ပေကျင်းဇံ လေဆိပ်က ၁ ရာခိုင်နှုန်းစီ ပူးပေါင်းရင်းနှီးမြှုပ်နှံရန် လျာထားခဲ့ခြင်းဖြစ်သည်။


 ယခုအခါ ဟဲဟိုးနှင့် မော်လမြိုင် လေဆိပ်များ အဆင့်မြှင့်တင်ခြင်းစီမံကိန်း များအတွက် တင်ဒါအောင်မြင်ထားသည့် ကုမ္ပဏီများနှင့် စာချုပ်ချုပ်ဆိုရန် ညှိနှိုင်းနေကြောင်း ဒုတိယညွှန်ကြားရေးမ·းချုပ်က ပြောသည်။

 ဟဲဟိုးလေဆိပ်စီမံကိန်းအတွက်KBZ Group က တင်ဒါအောင်မြင်ထားပြီး ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ သန်း ၄၀ ကုန်ကျမည်ဟု ခန့်မှန်းထားသည်။ စီမံကိန်းကိုKBZ Group ကုမ္ပဏီက ၆၅ ရာခိုင်နှုန်း၊ ဂျပန်ကုမ္ပဏီဖြစ်သည့်Toyota Tsusho ကုမ္ပဏီက ၃၅ ရာခိုင်နှုန်းဖြင့် ပူးပေါင်းမည်ဖြစ်သည်။

 မော်လမြိုင် လေဆိပ် အဆင့်မြှင့်တင်ခြင်းကို ကွန်ဆိုတီယမ်အဖြစ် ဒေသခံ ကုမ္ပဏီHinthar Group Holding Co,Ltd က ထိုင်းကုမ္ပဏီဖြစ်သော BASE (Bangkok Aviation Services Enterprise) နှင့် ပူးပေါင်းအကောင်အထည် ဖော်မည်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ ကန်ဒေါ်လာ သန်း ၂၀ ကုန်ကျမည်ဟု ခန့်မှန်းထားသည်။ 

Infrastructure and Zones Read 79 times