ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် မြေဧက ၉ဝ ကျော်ကိုကျပ်သိန်း ၆၅ဝဝကျော် အကုန်အကျခံကာ ဝယ်ယူထား


06 December, 2020

   ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းက ပြုလုပ်မည့် ပညာမပြီးဆုံးသေးသည့် လူငယ်များ ပြုစုပျိုးထောင်ရေး သင်တန်းကျောင်းနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး သစ်တောငယ် ထူထောင်ရန်အတွက် ဒေါ်အောင်ဆန်းစုကြည်က နေပြည်တော်ရှိ မြေဧက ၉ဝ ကျော်ကို ကျပ်သိန်း ၆၅၀၀ ကျော် အကုန်အကျခံကာ ဝယ်ယူထားကြောင်း သိရသည်။

        အဆိုပါ မြေနေရာမှာ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်တွင် ရှိပြီး ရာဇသင်္ဂဟ အိမ်ရာ (၂) နှင့် အိုးရှင်း စင်တာတို့အနီးတွင်ရှိကာ လက်ရှိတွင် ခြံခတ်ထားသော်လည်း မြေရိုင်းအဆင့်သာ ရှိသေးကြောင်း ဧရာဝတီ၏ ကွင်းဆင်းစစ်ဆေးချက်များအရ တွေ့မြင်ခဲ့ရပြီး မြေနေရာအတွက် လက်ရှိ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်  ကိုယ်တိုင် လျှောက်ထားခြင်း ဖြစ်သည်ဟု သိရသည်။

“သိန်း ထောင်ချီကုန်တယ်။ ဒီနှစ်ထဲမှာ ချပေးတာ။ ၃ လ လောက် ရှိပြီ။ တဧက သိန်း ၅၀ နဲ့ ဧက ၉၀ ကျော်ဆိုရင် သိန်းပေါင်း ၄,၅၀၀ ကုန်တယ်။ ဂရမ်လျှောက်တာက ၁ စတုရန်းပေကို ၄၀ ကျပ်နှုန်းနဲ့ဆိုရင် သိန်း ၂၀၀၀ လောက် ထပ်ကုန်သေးတယ်။ မြေကလည်း တနှစ်ကို မြေဖိုး ၁၅ သိန်း သွင်းရမယ်။ အားလုံး ဥပဒေနဲ့အညီပါပဲ”

 ဟု မြေဝယ်ယူရာတွင် ကိုယ်တိုင် ပါဝင်ဆောင်ရွက်ပေးခဲ့သည့် နေပြည်တော် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ ခိုင်မာသည့် သတင်းရင်းမြစ်တဦးက ဧရာဝတီကို ပြောသည်။

        ယခုကဲ့သို့ ထုတ်ဖော်ပြောဆိုခြင်းမှာအတိုင်ပင်ခံပုဂ္ဂိုလ်က နေပြည်တော်တွင် တရားမဝင် မြေများ ရယူထားသည် ဆိုသည့် ကောလာဟလများကြောင့် ထုတ်ဖော်ပြောဆိုရခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောဆိုကာ မည့်သည့် အရပ်ဘက် အဖွဲ့အစည်းမဆို နေပြည်တော်ရှိ သတ်မှတ်နေရာများတွင် ၁ ဧကလျှင် ကျပ်သိန်း ၅၀ ဖြင့် လျှောက်ထားနိုင်သည်ဟု ရှင်းပြသည်။

“ဖောင်ဒေးရှင်း အနေနဲ့ လုပ်မှာ။ မြေအလကား ချပေးတာ မဟုတ်ဘူး။ အဲဒီနားမှာ သိန်း ၅၀ နဲ့လည်း ဘယ်သူမှ မဝယ်ဘူး။ အများ အကျိုးလုပ်မယ့် CSO (အရပ်ဘက်အဖွဲ့အစည်း) တွေ အနေနဲ့ နေပြည်တော်မြေမှာ တဧက သိန်း ၅၀ နှုန်းနဲ့ ဝယ်နိုင်တယ်။ ဘိုးဘွားရိပ်သာဘက်မှာ မြေတွေက ရှိတယ်။ ခိုင်လုံတဲ့ အထောက်အထား ပြရမယ်။ ချက်ချင်း အကောင်အထည် ဖော်ရမယ်။ ဝင်းခတ်ရမယ်”

ဟု နေပြည်တော် စည်ပင်သာယာရေး ကော်မတီတွင်လည်း တာဝန်ယူထားသူ ယင်းသတင်းရင်းမြစ်က ပြောသည်။

        ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းဘက်မှ နေပြည်တော်တွင် မြေဝယ်ယူထားသည်မှာ မှန်ကန်ကြောင်း အတည်ပြု သော်လည်း လက်ရှိတွင် လုပ်ငန်းဆောင်ရွက်မှုများ အဆင်သင့်မဖြစ်သေးသည့်အတွက် နိုဝင်ဘာလ ၅ ရက်တွင် ဖွင့်ပွဲလုပ်ရန် စီစဉ်ပြီးမှ ဖျက်သိမ်းလိုက်ရခြင်း ဖြစ်ကြောင်း သိရသည်။

        ဖောင်ဒေးရှင်းမှ ပြောခွင့်ရ ပုဂ္ဂိုလ် ဒေါက်တာ သန့်သော်ကောင်းက “ဒီကိစ္စကို ဒေါ်စု (ဒေါ်အောင်ဆန်းစုကြည်) ကိုယ်တိုင် Launch (ဖွင့်လှစ်ပွဲ) လုပ်မယ်။ နောက်နှစ်မှာပေါ့။ ကျနော်တို့ ဒီလောက်ပဲ ပြောလို့ရမယ်။ အခု လောလောဆယ်မှာ မပြောသေးဘူး။ ဒီဟာကလည်း Ready မဖြစ်သေးဘူး။ အားလုံး အဆင်ပြေသွားတဲ့ အခါကျမှပဲ လုပ်မှာပါ” ဟု ဧရာဝတီကို ပြောသည်။

        အဆိုပါမြေနေရာတွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် သဘာ၀ သစ်တောငယ်တခုနှင့် သင်တန်းကျောင်းတို့ တည်ဆောက်ကာ ယင်းစာသင်ကျောင်းတွင် ဥယျာဉ်မှူးများ မွေးထုတ်ပေးရန် စီစဉ်ထားသည်ဟု ဖောင်ဒေးရှင်းနှင့် နီးစပ်သည့် အသိုင်းအဝိုင်းမှ သိရသည်။

        ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့ နီးစပ်သူက “အဓိကကတော့ ပညာဆုံးခန်းတိုင် မသင်လိုက်ရတဲ့ လူငယ်တွေ အလုပ်အကိုင် ရဖို့အတွက် ရည်ရွယ်ပြီး လုပ်တာပါ။ လူကြီးတွေ မထုတ်ဖော်သေးတာကလည်း အောက်ခြေမှာ ဘာမှ စရသေးပါဘူး။ ဒါက အမေ (ဒေါ်အောင်ဆန်းစုကြည်) ရဲ့ အိုင်ဒီယာပဲ။ အမေစု ကိုယ်တိုင် ဒါမျိုးလေး လုပ်ချင်တယ်။ သူကိုယ်တိုင် စဉ်းစားပြီး လုပ်လိုက်တာ။ ဒါက အခု ရည်မှန်းတဲ့ အဆင့်မှာပဲ ရှိသေးတယ်။ အကူအညီတွေလည်း အများကြီး လိုတယ်” ဟု ဆိုသည်။

၎င်းက ဆက်လက်ပြီး “ဥယျာဉ်မှူးတွေသည် ၇ တန်းအောင်၊ ၈ တန်းအောင်လည်း ဖြစ်ချင်ဖြစ်မယ်။ အဲဒီ ဥယျာဉ်မှူးလေးတွေကို ကျနော်တို့ ဟိုတယ်တို့ ဘာတို့မှာ အလုပ်လိုအပ်ချက်တွေရှိရင် ပို့ပေးမယ်။ အခုက ကွင်းပြင်ကြီးပဲ ရှိသေးတယ်။ ၉၃ ဧက ဝန်းကျင် ရှိတယ်။ သိန်းကို ထောင်နဲ့ချီသွင်းပြီး တရားဝင် ယူထားတာ။ တရားမဝင်တာ ဘာတခုမှကို မရှိဘူး”

ဟု ရှင်းပြသည်။

        ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းသည် နိုင်ငံရေး မဟုတ်သည့် အရပ်ဘက် အဖွဲ့အစည်းတခုဖြစ်ကာ ဆောင်ရွက်နေသည့် လူမှုကူညီရေးလုပ်ငန်းများမှာလည်း ထိရောက်မှု ရှိသည်ဟု သုံးသပ်မှုများလည်း ရှိသည်။

        မြောင်းမြမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ စိုးမိုးသူက “ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းနဲ့ ပြန်ကြားရေးနဲ့ ပေါင်းပြီး မြောင်းမြမှာ Mobile Library (ရွေ့လျားစာကြည့်တိုက်) လုပ်တာ အောင်မြင်တယ်။ ကျေးရွာတွေကို ဆင်းပြီး ဆောင်ရွက်ပေးတာ အဆင်ပြေတယ်။ နောက်တခုက ဟိုတယ်သင်တန်းကျောင်းလည်း အောင်မြင်တယ်။ ဒီဖောင်ဒေးရှင်းက ပြီးတာနဲ့ ဟိုဘက်မှာ အလုပ်အကိုင် ချိတ်ဆက်ပြီး လုပ်ပေးတာ အောင်မြင်တယ်” ဟု ဆိုသည်။

        ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် လျှောက်ထားဝယ်ယူထားသည့် ယင်းမြေနေရာပေါ်တွင် နောက်ပိုင်းကာလများ၌ ဖောင်ဒေးရှင်း ရုံးချုပ်လုပ်ရန်အထိ ရည်ရွယ်ထားကြောင်းနှင့် ၎င်းကိုယ်တိုင် နေပြည်တော်တွင် နေထိုင်ရန် အစီအစဉ် ရှိသည်ဟုလည်း သိရသည်။

Source:irrawaddy

Region Read 86 times