ရန်ကုန်-မန္တလေးအမြန်လမ်းအဆင့်မြှင့်တင်ခြင်းနှင့် ရန်ကုန်-ပုသိမ်-ငရုတ်ကောင်းလမ်းအား အမြန်လမ်းဖောက်လုပ်ရန် လုပ်ငန်းဖြစ်နိုင်ခြေရှိ မရှိ လေ့လာဆန်းစစ်ခြင်းအား ကိုရီးယားအပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(KIOCA) မှ ဆောင်ရွက်မည်ဖြစ်ကြောင်း ယင်းအေဂျင်စီမှ သတင်းထုတ်ပြန်ခဲ့သည်။
အဆိုပါလေ့လာမှုအတွက် ကုန်ကျစရိတ် ကန်ဒေါ်လာ တစ်သိန်းခွဲအား ကိုရီးယားနိုင်ငံမှ အကူအညီပေးမည်ဖြစ်ပြီး သုံးနှစ်စီမံကိန်း ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ယင်းစီမံကိန်း အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် KOICA တို့သဘောတူခဲ့ပြီး လုပ်ငန်းဖြစ်နိုင်ခြေ ရှိပါက ကိုရီးယားဘက်မှ လမ်းဒီဇိုင်းရေးဆွဲပေးကာ ရင်းနှီးမြှုပ်နှံသူကိုပါ KOICA မှ ဖိတ်ခေါ်ပေးမည်ဖြစ်ကြောင်း သိရသည်။
မိုင် ၄ဝဝ ခန့်ရှိသည့် ရန်ကုန်-မန္တလေးအမြန်လမ်းအဆင့်မြှင့်တင်ခြင်းနှင့် လမ်းတာချဲ့ခြင်း စီမံကိန်းကိုအကောင်အထည်ဖော်ပါက ကန်ဒေါ်လာ သန်း ၅၆ဝ ကုန်ကျမည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ခန့်မှန်းထားသည်။ မိုင် ၁၉ဝ ခန့်ရှိမည့် ရန်ကုန်-ပုသိမ်-ငရုတ်ကောင်းလမ်းစီမံကိန်းအတွက် ကန်ဒေါ်လာ သန်း ၇၆ဝ ခန့် ကုန်ကျမည်ဖြစ်သည်။
မြန်မာနိုင်ငံရှိ လမ်းများ၏ ၇၅ ရာခိုင်နှုန်းသည် အဆင့်မမြှင့်ရသေးသည့် လမ်းများဖြစ်ပြီး လက်ရှိ အမြန်လမ်းတစ်ခုသာ ရှိသည်ဟု KOICA မှ ဆိုသည်။
တစ်နိုင်ငံလုံးတွင အနည်းဆုံး တောင်-မြောက် အမြန်လမ်းနှစ်ခုနှင့် အရှေ့-အနောက် အမြန်လမ်းနှစ်ခု အား ဖောက်လုပ်ရန် စီစဉ်ထားသည်။
ရန်ကုန်-မန္တလေးအမြန်လမ်းသည် တောင်-မြောက် အမြန်လမ်းထဲမှ တစ်ခုဖြစ်သည်ဟု ဆောက်လုပ်ရေး ဝန်ကြီးဌာန အင်ဂျင်နီယာ ချုပ်မှ ပြောကြားကြောင်း သိရသည်။
KOICA မှ လေ့လာ ဆန်းစစ်ပေးမည့် စီမံကိန်းများသည် ဆောက်လုပ်ရေးဝန်ကြီး ဌာနမျှော်မှန်းထားသည့် Six Package Project ထဲမှ လုပ်ငန်းများဖြစ်သည်။ Six Package Project ဆိုသည်မှာ မြန်မာနိုင်ငံတွင်း ဖောက်လုပ်မည့် အမြန်လမ်းစီမံကိန်းများဖြစ်သည်။
Six Package Project တွင် မန္တလေး-မြစ်ကြီးနား အမြန်လမ်း၊သီလဝါ-သနပ်ပင်-ကျိုက်ထိုအမြန်လမ်း၊မင်းဘူး-အမ်း-ကျောက်ဖြူအမြန်လမ်း၊ရန်ကုန်-မန္တလေးအမြန်လမ်၊ရန်ကုန်-ပုသိမ်-ငရုတ်ကောင်းအမြန်လမ်း၊ပုသိမ်-မုံရွာ-ရွှေဘို အမြန်လမ်းတို့ဖြစ်ကြောင်း သိရသည်။
Source:7day Daily