ရခိုင် ပြည်နယ်၊ ကျောက်ဖြူမြို့တွင် မြို့သစ်စီမံကိန်းတစ်ခုကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါစီမံကိန်းကို ကျောက် ဖြူခရိုင်ဒေသခံတိုင်းရင်းသား ဖွံ့ဖြိုးရေးအသင်းက တာဝန်ယူကာ ကျောက်ဖြူမြို့နယ်ရှိ ရန်ကုန်- ကျောက်ဖြူကားလမ်း၏ အနောက်ဘက်ကျောက်ဖြူမြို့မှ ၁၅ မိုင် ခန့်အကွာ မင်းပြင်ပင်လယ် ကမ်းခြေအထိ ဧက ၁၅ဝဝဝ ကျော်တွင် အကောင်အထည် ဖော်နိုင်ရန်လျာထားကြောင်း သိရသည်။
'' သူတစ်ပါးစက်ရုံအလုပ်ရုံမှာ သွားပြီးတော့လုပ်အားခလေး ကိုမျှော်လင့်ပြီးတော့ လုပ်နေရတဲ့ ဘဝကနေ လွတ်မြောက်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးလုပ် ငန်းရှင်တွေအဖြစ် လူတွေမရှိ မဖြစ်လိုအပ်တဲ့ နေ့စဉ်စားနပ် ရိက္ခာကိုဖြည့်ဆည်းပေးရတဲ့ အလုပ်အဖြစ်နဲ့ လုပ်ငန်းရှင်တွေ အဖြစ်နဲ့ ဒေသခံတွေ ချမ်းသာ ကြွယ်ဝစေမယ့်အရာဖြစ်တဲ့အတွက် ဒီဟာကိုလုပ်ရတာ ကိုယ့်ကိုယ်ကိုယ်လည်း ဂုဏ်ယူတယ်''ဟုကျောက်ဖြူခရိုင် ဒေသခံတိုင်းရင်းသားဖွံ့ဖြိုးရေးအသင်း၏ ဥက္ကဋ္ဌဦးငြိမ်းချမ်းမောင်က ပြောကြားထားပါသည်။
စီမံကိန်းနှင့်ပတ်သက်ပြီး ဖေဖော်ဝါရီ ၁၄ ရက်က ရခိုင် ပြည်နယ်လွှတ်တော်တွင် လာရောက် ရှင်းလင်းစဉ် ယခုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်ကာ အဆိုပါမြို့သစ်စီမံကိန်းအတွင်း စိုက်ပျိုးရေး နှင့် မွေးမြူရေးဇုန်တို့ကိုလည်း ထည့်သွင်းသွားမည်ဖြစ်သည့်အပြင် စီမံကိန်းအတွင်း ရေစီး ရေလာကောင်းမွန်ရေး၊ ရေနှင့် လျှပ်စစ်မီးရရှိရေး၊ အများပြည်သူ အပန်းဖြေမည့်နေရာများ၊ သု သာန်၊ ဘာသာရေးအဆောက်အအုံများနှင့် တိုင်းရင်းသားကျေး ရွာကဲ့သို့ ကျေးရွာငယ်များကိုလည်း ထည့်သွင်းတည်ဆောက် သွားမည်ဖြစ်ပါသည်။
လက်ရှိတွင် အဆိုပါမြို့သစ်စီမံကိန်းဖော်ဆောင်နိုင်ရန် ရခိုင်ပြည်နယ်အစိုးရနှင့် ရခိုင်ပြည် နယ်လွှတ်တော်တို့တွင် ချပြရှင်းလင်းမှုများရှိနေပြီဖြစ်ပြီး အစိုးရ၏ခွင့်ပြုချက်ရပြီးပါက စတင်အကောင်အထည် ဖော်သွားတော့မည်ဖြစ်ကြောင်း ဦးငြိမ်းချမ်းမောင်၏ ပြောကြားချက်အရ သိရပါသည်။