ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းပထမအဆင့်


06 December, 2020


 ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းကို ပထမအဆင့် ဒေါ်လာ ၁ ဒသမ ၃ ဘီလျံ ရင်းနှီးမြှုပ်နှံမှုဖြင့် စတင်ဆောင်ရွက်မည်ဖြစ်ပြီး စီးပွားရေးအရ တွက်ခြေကိုက်မှုအပေါ် မူတည်ပြီး ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် ယင်းအခြေအနေအပေါ် တရုတ်ဘက်က သဘောတူညီထားကြောင်း အထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားသည်။

            “ ရင်းနှီးမြှုပ်နှံမှုက အချိုးအစားအလိုက်ပဲ။ ပထမအဆင့်က ဒေါ်လာ ၁ ဒသမ ၃ ဘီလျံပေါ့။ ဟိုတုန်းက ၇ ဒသမ ၃ ဘီလျံဆိုတာ သင်္ဘောဆိပ်ကြီးနှစ်ခု။ သင်္ဘောဆိပ်တစ်ခုကို ဆိပ်ခံတံတားခြောက်ခု၊ နောက်တစ်ခုက လေးခု၊ အဲဒီလို အကြီးကြီးပေါ့လေ။ အခုတော့ သင်္ဘောဆိပ်ကို ပထမသင်္ဘောဆိပ်မှာ ဆိပ်ခံတံတားခြောက်ခုကနေ နှစ်ခုလောက် လုပ်ပြီးတော့ ကနဦးကုန်ကျစရိတ်ကို ဒေါ်လာ ၁ ဒသမ ၃ ဘီလျံလောက် ရှိမှာပေါ့။ နှစ်ခုစလုံးကို အပြည့်ဆောက်လိုက်ရင်တော့ ဒေါ်လာ ၇ ဒသမ ၃ ဘီလျံလောက်ကုန်မှာပေါ့။ အခုတော့ ကနဦးကုန်ကျစရိတ်ကို ၁ ဒသမ ၃ ဘီလျံလောက်ကုန်မယ်လို့ ခန့်မှန်းပါတယ်။ Ward နှစ်ခုလုပ်ပြီးရင် ဒီမှာ Operation Costs ကိုက်တယ်ဆိုရင်တော့ ဆက်လုပ်မှာပေါ့။ အဆင့်ဆင့်သွားမှာ ဖြစ်ပါတယ်။ အရင်လုပ်တာ အရင်သုံးကြည့်မယ်၊ အသေးလေးတွေလေ။ စီးပွားရေး အခြေအနေအရပေါ့။ ကိုက်ရင် ဆက်လုပ်မယ်ပေါ့။ တရုတ်ဘက်ကလည်း သဘောတူပါတယ်။ ဆင့်ကဲဆင့်ကဲ သွားမှာပေါ့” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားသည်။ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်း ပထမအဆင့် စတင်ဆောင်ရွက်ရန် မူဘောင် သဘောတူညီချက်ကို ၂၀၁၈ ခုနှစ်အတွင်း လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း သိရသည်။

             ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းကို ယခင်က တရုတ်နိုင်ငံမှ CITIC က ၈၅ ရာခိုင်နှုန်း၊ မြန်မာဘက်မှ ၁၅ ရာခိုင်နှုန်းဖြင့် အကောင်အထည်ဖော်သွားရန် စီစဉ်ခဲ့သော်လည်း ယခုအစိုးရလက်ထက်တွင် ပြန်လည် ညှိနှိုင်းမှုများ ပြုလုပ်ပြီးနောက် လက်ရှိတွင် CITIC က ရာခိုင်နှုန်း ၇၀၊ မြန်မာဘက်မှ ရာခိုင်နှုန်း ၃၀ ဖြင့် အကောင်အထည်ဖော်ရန် သဘောတူညီခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

“၇ဝ း ၃ဝမှာ တရုတ်ဘက်က ၇ဝ၊ မြန်မာဘက်က ၃ဝ၊ မြန်မာဘက်က ၃ဝ ရာခိုင်နှုန်းမှာ အစိုးရက ၁၅ ရာခိုင်နှုန်းနဲ့ တိုင်းရင်းသားတွေပါတဲ့ Public ကုမ္ပဏီက ၁၅ ရာခိုင်နှုန်း ဖြစ်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ဆိုသည်။

              မူရင်းအစီအစဉ်အရ ကျောက်ဖြူရေနက်ဆိပ်ကမ်းသည် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ဆိပ်ကမ်း၊ စပိန်နိုင်ငံ Valencia မြို့ဆိပ်ကမ်းများအား ပြိုင်ဆိုင်နိုင်သည့် ကွန်တိန်နာ သိုလှောင်နိုင်မှု စွမ်းရည်ရှိမည်ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁၀ ဘီလျံ ကုန်ကျမည်ဟု ခန့်မှန်းထားသော ဆိပ်ကမ်းဆောက်လုပ်ရေးနှင့် တွဲဖက်တည်ဆောက်မည့် အထူးစီးပွားရေးဇုန်အား ၂၀၁၈ ခုနှစ်တွင် စတင်ရမည် ဖြစ်သည်။

             အဆိုပါ စီမံကိန်းများတွင် ဧက ၄၂ဝဝ အကျယ်အဝန်း ရှိမည်ဖြစ်သော အထူးစီးပွားရေးဇုန် ဆောက်လုပ်ရေးအတွက် အမေရိကန်ဒေါ်လာ ၂ ဒသမ ၃ ဘီလျံ ကုန်ကျမည်ဖြစ်ပြီး ရေနံသန့်စင်ရေးလုပ်ငန်းများနှင့် အထည်အလိပ်စသည့် စက်မှုလုပ်ငန်းများအား ဆွဲဆောင်နိုင်မည့်နေရာ ဖြစ်သည်ဟု Reuter သတင်းဌာနက ဖော်ပြခဲ့သည်။

             သီရိလင်္ကာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံထံမှ ရယူထားသော အကြွေးများအား မပေးဆပ်နိုင်သဖြင့် ယခုနှစ်အတွင်း အချက်အချာကျသော ဟန်ဘန်တိုတာ ဆိပ်ကမ်းအား တရုတ်နိုင်ငံသို့ အပ်နှံလိုက်ရခြင်းကို ဥပမာယူပြီး မြန်မာနိုင်ငံသည် တရုတ်၏ အကြွေးထောင်ချောက်များကို သတိထားရမည်ဖြစ်သည်။

“စာချုပ်အသစ်ချုပ်ရင် ဒီစီမံကိန်းကို သရုပ်ဖော်နိုင်ဖို့ ယူရတဲ့ချေးငွေတွေက ပုဂ္ဂလိကကဏ္ဍထဲမှာ အကုန်အပြီးသတ်မှာဖြစ်ပြီး မြန်မာအစိုးရကို လာထိခိုက်မှာ မဟုတ်ပါဘူး။ လောလောဆယ်တော့ ကျွန်တော့်အတွက် အရေးကြီးဆုံး ဦးစားပေး လုပ်ဆောင်ရမှာကတော့ မြန်မာအစိုးရအနေနဲ့ အကြွေးဝန်တွေ မပိအောင်ပဲ ဖြစ်ပါတယ်” ဟု ဦးဆက်အောင်က ပြောကြားသည်။
 

Infrastructure and Zones Read 94 times