ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ရောင်းချပေးသည့်မြေကွက်တွင် လျှောက်လွှာပေါင်း ၁၂,၁၇၅ စောင်ရှိရာ ၁၉ ဦးသာ ဝယ်ယူခွင့်ရရှိသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က စီမံခန့်ခွဲပိုင်ခွင့်ရှိသောမြေများကို ဝယ်ယူနိုင်ရန် ကြော်ငြာခဲ့ပြီး လျှောက်လွှာတစ်စောင်ကို ကျပ် ၁ သောင်းဖြင့် မြေအသုံးပြုခွင့် လျှောက်လွှာပုံစံ ပူးတွဲပါသိရှိလိုက်နာရမည့် စည်းကမ်းချက်များအား ရောင်းချပေးခဲ့ပါသည်။
လျှောက်လွှာပြန်လည်တင်သွင်းသည့် စောင်ရေ (၁၂,၁၇၅) ကို လျှောက်လွှာအင်္ဂါရပ် စည်းကမ်းချက် စုံ/မစုံ စိစစ် ဆောင်ရွက်ခဲ့ရာ စည်းကမ်းသတ်မှတ်ချက်နှင့် ကိုက်ညီသူ ၁၃၂ ဦးရှိခဲ့ရာမှ လက်ရှိတွင် ဝယ်ယူခွင့်ရရှိသူ ၁၉ ဦးကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
အဆိုပါဝယ်ယူခွင့်ရရှိသူများအနေဖြင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသို့ (၁၇-၁-၂၀၂၀)ရက်နေ့မှ စတင် ဆက်သွယ်ပြီး (၂)လအတွင်း ငွေပေးသွင်း ဝယ်ယူရမည် ဖြစ်သည်။
ယခုထုတ်ပြန်ခဲ့သည့် စာရင်းများအရ တ/ဒဂုံရှိ မြေကွက်၃ခု၊ မ/ဒဂုံရှိ မြေကွက်၃ခု၊ ဒဂုံဆိပ်ကမ်းရှိ မြေကွက် ၄ခု၊ ဒဂုံအရှေ့ရှိ မြေကွက် ၂ခု၊ ရွှေပြည်သာရှိ မြေကွက် ၂ခု၊ လှိုင်သာယာရှိ မြေကွက် ၅ခု စုစုပေါင်း မြေကွက် ၁၉ခုဖြစ်ပြီး ဧကပေါင်း ၆၄ ဒသမ ၁၃၂ ဧက၊မြေကွက်တန်ဖိုးစုစုပေါင်း ကျပ် ၁၂ ဒသမ ၁၉၃၀ ဘီလံယံဖြစ်သည်ဟု သိရသည်။