ဆောက်လုပ်ရေးဝန်ကြီးဌာနမှ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက လှိုင်သာယာ နှင့် ရွှေပြည်သာ စက်မှုဇုန်ရှိ စက်မှုမြေကွက်သုံးကွက်ကို ကုမ္ပဏီနှစ်ခုသို့ နှစ်ရှည်ငှားရမ်းလိုက်ကြောင်း သိရသည်။
ကုန်ထုတ်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံသူလုပ်ငန်းရှင်များသို့ စက်မှုမြေကွက်များအား နှစ်ရှည်ငှားရမ်းရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။
တင်ဒါစိစစ်ရေး ကော်မတီ၏ ၂ဝ၁၈ ခုနှစ် ဧပြီ တွင်ပြုလုပ်ခဲ့သော အစည်းအဝေးတွင် အလုပ်အကိုင်အခွင့်အလမ်းပိုမိုဖန်တီးပေးနိုင်ရေး၊ရင်းနှီးမြှုပ်နှံမှုပမာဏများသော လုပ်ငန်းများဝင်ရောက်လာနိုင်ရေး၊လက်ရှိလုပ်ငန်းဆောင်ရွက်နေသော လုပ်ငန်းများကို ဦးစားပေးငှားရမ်းနိုင်ရေး၊အလုပ်သမားများအတွက် အလုပ်အကိုင်တည်ငြိမ်မှုရရှိရေးနှင့် မြေငှားရမ်းခပိုမိုရရှိစေရေး အတွက်ငှားရမ်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
ငှားရမ်းခဲ့သည့် နေရာနှင့်လုပ်ငန်းများမှာ လှိုင်သာယာစက်မှုဇုန် အပိုင်း(၃) ဗန်းမော်အတွင်းဝန်လမ်းနှင့် ဆိပ်ကမ်းသာလမ်းထောင့်၊မြေကွက်အမှတ် (၅ဝ-ခ)၊မြေဧရိယာ တစ်ဧကအား Pioneer Special Poly Bag Industrial Company Limited သို့ လုပ်ငန်းချဲ့ထွင်နိုင်ရန်အတွက် တစ်စတုရန်း မီတာလျှင် ကန်ဒေါ်လာ ၆ ဒေါ်လာ(တစ်နှစ်)နှုန်း ဖြင့်လည်းကောင်း၊လှိုင်သာယာစက်မှုဇုန် အပိုင်း(၃) ဗန်းမော်အတွင်းဝန်လမ်းနှင့် ဆိပ်ကမ်းသာလမ်းထောင့်၊မြေကွက်အမှတ်(၅၁)၊မြေဧရိယာ ၂ဒသမ၅ ဧကအား Pioneer Special Poly Bag Industrial Company Limited သို့ကိုရီးယားအထည်ချုပ်လုပ်ငန်းဆောင်ရွက်နိုင်ရန် အတွက် တစ်စတုရန်းမီတာလျှင် ကန်ဒေါ်လာ ၆ ဒသမ၅ဒေါ်လာ (တစ်နှစ်)နှုန်းဖြင့်လည်းကောင်း၊ရွှေပြည်သာစက်မှုဇုန် (၁) စက်မှု(၁)လမ်း၊မြေကွက်အမှတ် ၃ဝဝ၊၃ဝ၁၊မြေဧရိယာ ၂ဒသမ၅ ဧက အား Colour Care Business Group Company Limited သို့ရှမ်းတို့ဟူးခြောက် နှင့် မုန့်မျိုးစုံ လုပ်ငန်းဆောင်ရွက်နိုင်ရန်အတွက် တစ်နှစ်လျှင် ကျပ် ၈၇၆ သိန်းနှုန်းဖြင့်လည်းကောင်း ငှားရမ်းခဲ့ကြောင်း သိရသည်။