မြေကွက်လျှောက်လွှာရောင်းချရသည့် ငွေအချို့ကို မြေယာလျော်ကြေးအဖြစ် အသုံးပြုမည်


12 October, 2019

ရန်ကုန်တိုင်းဒေသကြီးအစိုးရက ပထမအဆင့် ရောင်းချမည့် မြေကွက် ၅ဝဝကျော်အတွက် လျှောက်လွှာရောင်းချငွေအချို့ကို မြေယာလျော်ကြေးတွင် ထည့်သွင်းသုံးစွဲသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီတွဲဖက်အတွင်းရေးမှူး ဦးသန်းကပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က စီမံခန့်ခွဲခွင့်ရှိသည့် ဒဂုံမြို့သစ်အရှေ့ပိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်း၊ ဒဂုံမြို့သစ်ဆိပ်ကမ်း စသော ဒဂုံလေးမြို့နယ်၊ လှိုင်သာယာနှင့် ရွှေပြည်သာမြို့နယ်တို့ရှိ မြေကွက်များ၊ မှော်ဘီ အစရှိသည့်မြို့နယ်များမှ မြေကွက် ၅ဝဝအတွက် ပထမအသုတ်ရောင်းချမှုအတွက် လျှောက် လွှာများကို တစ်စောင်လျှင် ငွေကျပ်တစ်သောင်းနှုန်းဖြင့် အောက်တိုဘာ ၈ ရက်မှ နိုဝင်ဘာ ၇ ရက်အထိ ရောင်းချလျက်ရှိသည်။

ယင်းလျှောက်လွှာရောင်းချရသည့် ငွေအချို့ကို မြေယာလျော်ကြေးအဖြစ် ပြန်လည်ပေးအပ်ရာတွင် သုံးစွဲသွားမည်ဖြစ်ကြောင်း ဦးသန်းကပြောသည်။

“”ကျွန်တော်တို့အနေနဲ့မြေကွက်လျှောက်လွှာရောင်းလို့ရတဲ့ငွေထဲကနေ မြေယာလျော်ကြေးအဖြစ် ပြန်ပေးမှာပါ။ဒီလျှောက်လွှာတွေကို တစ်စောင်တစ်သောင်းနဲ့ရောင်းတယ်ဆိုတာကလည်း ရန်ပုံငွေလိုချင်လို့မဟုတ်ပါဘူး။ကျွန်တော်တို့ရောင်းပေးတဲ့မြေကွက်တွေကို အလေးထားစေချင်လို့ပါ။ ဒီကရတဲ့ငွေနဲ့ မြေယာလျော်ကြေးဖို့အတွက်လည်းမလုံလောက်ပါဘူး။

အစိုးရဘတ်ဂျတ်ကနေချည်းပဲ တင်ပြီးလျော်မယ့်အစား ရှိနေသေးတဲ့မြေကွက်အလွတ်တွေကိုရောင်းပြီး မြေယောလျော်ကြေးအတွက် တစ်စိတ်တစ်ဒေသ အားဖြင့် အထောက်အကူပြုပါ တယ်”ဟု ဦးသန်းကပြောသည်။

မြေကွက်များအတွက် လျှောက်လွှာစတင်ရောင်းချခဲ့သည့် နေ့မှ နိုဝင်ဘာ ၃ဝရက် လျှောက်လွှာအစောင်ရေ တစ်သောင်းကျော်ရောင်းချထားပြီး ၂၁ဝဝကျော်အထိ ပြန်လည်လာရောက်တင်ပြထားသည်။

လက်ရှိတွင် မြေကွက်ဝယ်ယူရန် လျှောက်လွှာဝယ်ယူသူဦးရေ ခုနှစ်ထောင်ကျော်ရှိပြီး နိုဝင်ဘာ ၈ ရက်အထိ လျှောက်လွှာများကိုလက်ခံသွားမည်ဖြစ်သည်။ပထမအသုတ်တွင် မြေကွက်မရရှိသူများကို ရန်ကုန်တိုင်း ဒေသကြီးအစိုးရက ဆက်လက်ရောင်းချမည့် ဒုတိယအသုတ်၊တတိယအသုတ်များတွင် ဦးစားပေးသွား မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

Local Read 43 times