တည်ဆောက်မှု ၈ဝ ရာခိုင်နှုန်းကျော် ပြီးစီးသွားသော လပွတ္တာတံတား


24 August, 2019

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နှင့် မြောင်းမြမြို့ကြား    ပင်လယ်လေးမြစ်ကို ဖြတ်၍ ပြန်လည်ပြုပြင် တည်ဆောက်လျက်ရှိသော ပင်လယ်လေးမြစ်ကူး တံတားသည် ယနေ့အထိ လုပ်ငန်းဆောင်ရွက်မှု ၈ဝ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်ကြောင်း တံတားတည်ဆောက်ရေး အဖွဲ့ထံမှ သိရသည်။

အဆိုပါတံတားသည် ပင်မတံတားခန်းဖွင့် ၅၁ ဒသမ ၄၄ မီတာ နှစ်ခန်း၊ ၈ဝ မီတာ တစ်ခန်းပါဝင်ကာ ချဉ်းကပ် တံတားခန်းဖွင့်မှာ တစ်ဖက် ခုနစ်ခန်းဖြင့် ၁၄ ခန်းပါဝင်ကာ ခန်းဖွင့်နှစ်ခု   စုစုပေါင်း ၃၉၆ ဒသမ ၂၄ မီတာရှိပြီး ဆောက်လုပ်ရေး ဝန်ကြီးဌာန တံတားဦးစီးဌာန တည်ဆောက်ရေး အဖွဲ့(၁)မှ ပြည်ထောင်စုဘတ်ဂျက်ဖြင့် ၂ဝ၁၈ ခုနှစ် အောက်တိုဘာ ၁ ရက်တွင် ပြန်လည်ပြုပြင် တည်ဆောက်ခြင်းလုပ်ငန်းများ စတင်ခဲ့ခြင်းဖြစ်သည်။

ယခင်ကြိုးတံတားဟောင်းမှာ ခံနိုင်ဝန်အား ကျဆင်းလာသည့်အတွက် ရေလယ်တိုင်များ ထည့်သွင်းကာ တံတားအပေါ်ထည် ပင်မတံတား  Steel  Box  Girder နှင့် သံကူကွန်ကရစ် RC ဘိုးပိုင်တို့ကို အသုံးပြုတွဲဖက်တည်ဆောက်ခြင်းဖြစ်ပြီး တံတားအရှည်ပေ ၁၃ဝဝ ရှိသည်။

ထို့ပြင် တံတား၌ ယာဉ်သွားလမ်း အကျယ် ၂၄ ပေ၊ လူသွားလမ်းအကျယ် တစ်ဖက် ၃ ပေစီပါဝင်ကာ တံတားအကျယ် ၃ဝ ဒသမ ၅ ပေရှိကြောင်းနှင့် ရေလမ်းကင်းလွတ်အကျယ် ၇၁ မီတာ၊ အမြင့် ၈ ဒသမ ၉ မီတာရှိကြောင်း သိရသည်။

ယခုတည်ဆောက်နေသည့် လပွတ္တာ(ပင်လယ်လေး) တံတားကို  ၂ဝ၁၉  ခုနှစ် စက်တင်ဘာ ၃ဝ ရက်တွင်ပြီးစီးရန် လျာထား ဆောင်ရွက်လျက်ရှိပြီး ယခင်ခွင့်ပြုတန်၂ဝသာ သွားလာနိုင်ရာမှ တံတားကြီးပြီးစီး ပါက တန် ၆ဝ အထိ သွားလာနိုင်မည်ဖြစ်ကြောင်း၊ဒေသအတွင်းသွား လာရေးနှင့် ကုန်စည်စီးဆင်းမှုများ အဆင်ပြေစေရန်  သတ်မှတ်ချိန်အတွင်း  တံတားတည်ဆောက်မှု ပြီးစီးအောင် ဆောင်ရွက်လျက်ရှိကြောင်း တံတားတည်ဆောက်ရေးအဖွဲ့ထံမှ သိရသည်။

Source: Myawaddy

 

Local Read 45 times