လပွတ္တာ (ပင်လယ်လေး)တံတား အဆင့်မြှင့်တင် တည်ဆောက်ခြင်းလုပ်ငန်း အပြီးဆောင်ရွက်မည်


08 December, 2019

  ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ် လပွတ္တာ - မြောင်းမြ - အိမ်မဲ-ကျောင်းကုန်း-ကျုံပျော်လမ်းပိုင်း၌ ပင်လယ်လေးမြစ်ကို ဖြတ်၍ အကြီးစားအဆင့်မြှင့်တင်တည် ဆောက်လျက်ရှိသော လပွတ္တာ (ပင်လယ်လေး) တံတားစီမံကိန်းကို အောက်တိုဘာလဆန်းပိုင်းတွင် အပြီးဆောင်ရွက်မည် ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန တံတားဦးစီးဌာန တည်ဆောက်ရေး အဖွဲ့(၁)မှ သိရသည်။

 

        ''လပွတ္တာ (ပင်လယ်လေး) ကြိုးတံတားက ၂ဝဝ၈ ခုနှစ်မှာ နာဂစ်မုန်တိုင်းကျပြီး နောက်ပိုင်း ပင်မကြိုးတံတားအပိုင်းတွေခံနိုင်ရည်ကျဆင်းလာခဲ့တာပါ။ အခု ပြင်ဆင်ရေးမှာ ပင်မကြိုးတံတားအပိုင်းကို အရင်ဖယ်ရှားတာ ၈ဝ ရာခိုင်နှုန်းတော့ ပြီးသွားပါပြီ။ ရေလယ်တိုင်ဘိုးပိုင်အသစ်တူးဖော် ရေးလုပ်ငန်းကို ဆက်လက် လုပ်ဆောင်နေတာ အခုဆို ၁၅ ရာခိုင်နှုန်းပြီးနေပါပြီ။ ကြံ့ခိုင်မှုအားကောင်းတဲ့ မူလတံတားရဲ့ နှစ်ဖက်ချဉ်းကပ် တံတားတွေကိုတော့ ပြန်သုံးမှာပါ။ လက်ရှိမှာ ပင်လယ်လေးမြစ်ကူးမယ့် လပွတ္တာဘက်ခြမ်းနဲ့ မြောင်းမြဘက်ခြမ်းက ခရီးသွား ပြည်သူတွေနဲ့ ယာဉ်တွေကိုတော့ ဇက်ရေယာဉ်တွေနဲ့ ပို့ဆောင်ပေးနေပါတယ်။

 

        စီမံကိန်းကို အောက်တိုဘာ လဆန်းပိုင်းမှာ အပြီးဆောင်ရွက်နိုင်ဖို့ နေ့၊ ည နှစ်ဆိုင်းခွဲပြီး အန္တရာယ်ကင်းကင်းနဲ့ အမြန်ဆုံးဖြစ်အောင် ဆောင်ရွက်နေပါတယ်'' ဟု တံတားစီမံကိန်းတာဝန်ခံ တံတားဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) ဦးမျိုးဝင်းက ပြောသည်။

 

        လပွတ္တာ (ပင်လယ်လေး)တံတား အဆင့်မြှင့်တင်တည်ဆောက်ခြင်းလုပ်ငန်း အောက်တိုဘာလဆန်းပိုင်းတွင် အပြီးဆောင်ရွက်မည် လက်ရှိတွင် ပင်မတံတားအရှည် မီတာ ၁၈ဝ အကွာအဝေးရှိသော နှစ်ဖက်မူလကြိုးတံတား တာဝါတိုင်နှစ်ခုကို ဖယ်ရှားပြီး ယင်းတို့ကြားတွင် ခန်းဖွင့် မီတာ ၈ဝ ကွာဝေးသည့် ရေလယ်တိုင်အသစ် RP1/RP2 နှစ်ခုတည်ဆောက်မည်ဖြစ်ကြောင်းနှင့် အောက်ခံ ဖောင်ဒေးရှင်း အနေဖြင့် ၁ ဒသမ ၅ မီတာရှိသော ဘိုးပိုင်ရှစ်လုံး တည်ဆောက်မည်ဖြစ်ကာ ရေလမ်းကင်းလွတ် အမြင့်မှာ ၈ မီတာရှိကြောင်း သိရသည်။

 

        ပင်မတံတား အပေါ်ထည်ကို တန် ၆ဝ ခံနိုင်ဝန်ရှိသော Steel Box Girder များခင်းပြီး တံတားအောက်ထည်ကို သံကူကွန်ကရစ်နှင့် အုတ်မြစ်ကို RC ဘိုးပိုင်များဖြင့် တည်ဆောက်မည်ဖြစ်ကာ ချဉ်းကပ်နှစ်ဖက် တံတားမှာ သံကူကွန်ကရစ် အမျိုးအစားဖြစ်သည်။

 

         တံတားအကျယ် ၃ဝ ဒသမ ၅ ပေ၊ ယာဉ်သွားလမ်းအကျယ် ၂၄ ပေနှင့် ၃ ပေအကျယ်ရှိသော လူသွားလမ်းနှစ်ခုပါကြောင်း၊ တံတား၏ စုစုပေါင်းအရှည် ပေ ၁၃ဝဝ ရှိပြီး ခွင့်ပြုအလေးချိန် တန် ၆ဝ ရှိသော ယာဉ်များဖြတ်သန်းနိုင်မည် ဖြစ်ကြောင်းနှင့် တံတားအဆင့်မြှင့်တင် တည်ဆောက်ခြင်းကို ငွေကျပ် သန်းပေါင်း ၅၅ဝဝ အကုန်အကျခံ တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။

Local Read 70 times