ရှေးဟောင်းအဆောက်အအုံများ ကာကွယ်ထိန်းသိမ်း ရေးဥပဒေ


24 November, 2020

ရှေးဟောင်းအဆောက်အအုံများ ကာကွယ်ထိန်းသိမ်း ရေးဥပဒေတွင် အောက်ပါ အချက်များကို ကန့်ကွက်တားမြစ်ထားကြောင်းသိရသည်။

၁။မည်သူမျှ ပိုင်ရှင် သို့မဟုတ် ထိန်းသိမ်းစောင့်ရှောက်သူ မရှိသော ရှေးဟောင်းအဆောက်အအုံတွေ့ရှိပါက ဤ ဥပဒေပုဒ်မ ၁၂ ပါ ပြဋ္ဌာန်းချက်နှင့် အညီ သတင်းပို့ရန် ပျက်ကွက်ခြင်းမရှိစေရ။

၂။မည်သူမျှ ဦးစီးဌာန၏ခွင့်ပြုချက်မရှိဘဲ ပုဒ်မ ၁၄ နှင့် ပုဒ်မ ၁၅ပါ ဆောင်ရွက်ချက်တစ်ခုခု ကို မပြုလုပ်ရ။

၃။မည်သူမျှ ရှေးဟောင်းအဆောက်အအုံ၏ သတ်မှတ်ထားသော ပရဝဏ် အတွင်းတွင် ဦးစီး ဌာန၏ စာဖြင့် ခွင့်ပြုချက်မရှိဘဲ အောက်ပါ ပြုလုပ်မှု တစ်ခုခုကို မပြုလုပ်ရ

(က) ရှေးဟောင်းအဆောက်အအုံကို ဖျက်ဆီးခြင်း သို့မဟုတ် ပျက်စီးစေရန် ဆောင်ရွက်ခြင်း၊

(ခ)ရှေးဟောင်းအဆောက်အအုံ၏မူလ ပုံသဏ္ဌာန် ကိုဖြစ်စေ မူလလက်ရာကိုဖြစ်စေ ပြောင်းလဲစေရန် ပြုလုပ်ခြင်း၊

(ဂ) ရှေးဟောင်း ဝတ္ထုပစ္စည်းရှာဖွေရန် တူးဖော်ခြင်း၊

(ဃ)ရှေးဟောင်းအဆောက်အအုံမှ မူလအစိတ်အပိုင်းများ၊အနုပညာလက်ရာပစ္စည်း များဖြုတ်ခွာယူခြင်း၊ဖယ်ရှားခြင်း။

၄။မည်သူမျှ ရှေးဟောင်းအဆောက်အအုံသို့မဟုတ် ရှေးဟောင်းစာရင်းဝင် အဆောက်အအုံမှ သတ်မှတ်ထားသော ဧရိယာအတွင်းတွင် ရှေးဟောင်းအဆောက်အအုံကို

ထိခိုက်နိုင်သည် ဟု ယူဆရသော အောက်ပါပြုလုပ်မှု တစ်ခုခုကို စာဖြင့် ကြိုတင် ခွင့်ပြုချက်မရဘဲ မပြုလုပ်ရ။

(က)ရှေးဟောင်း စာရင်းဝင်အဆောက်အအုံအဖြစ် သတ်မှတ်ထားသည့် ရှေးဟောင်းအဆောက်အအုံကို စီးပွားရေးအလို့ငှာ ဓာတ်ပုံ၊ဗီဒီယို၊ရုပ်ရှင် ရိုက်ကူးခြင်း သို့မဟုတ် ပုံတူပွားခြင်း၊ပုံစံငယ်ပြုလုပ်ခြင်း၊

(ခ)ရှေးဟောင်းအဆောက်အအုံအနီး သတ်မှတ်နယ်မြေအတွင်း တုန်ခါမှု ဖြစ်ပေါ်စေသော ယန္တရားကြီးများ အသုံးပြုခြင်း၊ယာဉ်အမျိုးမျိုးသွားလာခြင်း။

(ဂ)ရှေးဟောင်းအဆောက်အအုံ၏ အနီးထွန်ယက်စိုက်ပျိုးခြင်း၊ဥယျာဉ်စိုက်ပျိုးခြင်း၊တိရစ္ဆာန်များမွေးမြူခြင်း၊ပိတ်ဆို့၍ ခြံစည်းရိုးများကာရံခြင်း သို့မဟုတ် ရှေးဟောင်းအဆောက်အအုံကို ထိခိုက်စေနိုင်သည့် အခြားဆောင်ရွက်မှု တစ်စုံတစ်ရာပြုလုပ်ခြင်း

(ဃ)ရှေးဟောင်းအဆောက်အအုံကိုထိခိုက်စေသော မီးပုံးပျံကဲ့သို့ဓာတ်ငွေ့ထုတ်လွှတ်သည့် ကိစ္စများဆောင်ရွက်ခြင်း။

(င)ရှေးဟောင်းအဆောက်အအုံကို တိုက်ရိုက်သော်လည်းကောင်း၊သွယ်ဝိုက်၍သော်လည်းကောင်း ထိခိုက်စေနိုင်သော သတ်မှတ်ချက်များနှင့် မကိုက်ညီသည့် လေယာဉ်များ၊ရဟတ်ယာဉ်များ တက်ခြင်း၊ပျံသန်းခြင်း။

(စ)ရှေးဟောင်းအဆောက်အအုံနှင့် သဘာဝပတ်ဝန်းကျင် ကိုထိခိုက်စေသော ဓာတုပစ္စည်းများ စွန့်ပစ်ခြင်း၊အမှိုက်သရိုက်များ စွန့်ပစ်ခြင်းတို့ကို တားမြစ်ထားပါသည်။

Region Laws and Regulations Read 186 times