ယင်းအိမ်ရာသည် အကျယ်အဝန်း ၂.၃ ဧကရှိ မြေကွက်ပေါ်တွင် ပြန်လည်တည်ဆောက်မည့် ရွှေဂုံ (လင့်လမ်း) အိမ်ရာဖွံ့ဖြိုးရေးစီမံကိန်း (Link Lane Housing) ဖြစ်ပါသည်။
လင့်လမ်းအိမ်ရာစီမံကိန်းသည် အနောက်ရွှေတုံတိုင်ရပ်ကွက်၊ လင့်လမ်းနှင့် ရွှေဂုံလမ်းထောင့်တွင် တည်ရှိပါသည်။
ယခင်က ၁၉၆၄-၁၉၆၅ ခုနှစ်၊ တော်လှန်ရေးကောင်စီလက်ထက်တွင် နှစ်ခန်းတွဲ လေးထပ်တိုက်သုံးလုံးနှင့် လေးခန်းတွဲ လေးထပ်တိုက်တစ်လုံးတို့ကို အခန်းပေါင်း ၄၀ ဖြင့် တည်ဆောက်ထားပြီး အငှားချဝန်ထမ်းအိမ်ရာ အဖြစ် ဖော်ဆောင်ပေးခဲ့ကြောင်း သိရသည်။
လင့်လမ်းအိမ်ရာသည် နှစ်ပေါင်း ငါးဆယ်ခန့် သက်တမ်းရှိပြီး အခန်းအရေအတွက် ၄၀ သာရှိသဖြင့် နေထိုင်နိုင်မှုမှာ နည်းပါးသည့်အတွက် ၂၀၁၃ ခုနှစ် မတ်လတွင် ပုဂ္ဂလိကနှင့်အကျိုးတူ (private public partnership) ပြန်လည်တည်ဆောက်ရန် တင်ဒါခေါ်ယူခဲ့ပါသည်။
ထိုခေတ်က အခန်းအကျယ်အဝန်းမှာ ၅၈၄ စတုရန်းပေနှင့် ၁၇၈၀ စတုရန်းပေ ထိရှိပါသည်။
တင်ဒါနှင့််ရင်းနှီးမြှုပ်နှံမှု
တင်ဒါအောင်မြင်ခဲ့သည့် ကုမ္ပဏီများမှာ မြန်မာကုမ္ပဏီများဖြစ်သော မြန်မာစေတနာကုမ္ပဏီနှင့် ထိုက်စင်ကုမ္ပဏီတို့က ၂၀၁၃ ခုနှစ်အောက်တိုဘာလတွင် စာချုပ်ချုပ်ဆိုခဲ့ပြီး၊ နိုဝင်ဘာလတွင် အိမ်ရာစီမံကိန်းကို စတင်ဆောက်လုပ်ခဲ့ပါသည်။
အဆောက်အဦးဆောက်နေစဉ်ကာလအတွင်း တစ်လ ၃ သိန်းနှုန်းဖြင့် အငှားချဝန်ထမ်းအိမ်ရာရှိ တိုက်ခန်း ပိုင်ရှင်များကို အဆောက်အဦးပြီးစီးသည်အထိ လျော်ကြေးပေးထားသည်ဟု သိရသည်။
နိုင်ငံတော်မှ ရင်းနှီးမြှုပ်နှံမှု တန်ဖိုးမှာ မြေတန်ဖိုးဖြစ်ပြီး စုစုပေါင်း ကျပ် ၁၄.၇ ဘီလီယံ တန်ဖိုးထားကာ၊ ကုမ္ပဏီနှစ်ခုမှ အဆောက်အအုံနှင့် Infrastructure လုပ်ငန်းများ ဆောက်လုပ်မှု တန်ဖိုးမှာ ကျပ် ၁၃ ဘီလီယံ ဖြစ်ကြောင်းသိရသည်။
နိုင်ငံတော်ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီနှစ်ခု၏ ရင်းနှီးမြှုပ်နှံမှုအချိုးမှာ ၅၃% နှင့် ၄၇% ဖြစ်ပြီး အကျိုးအမြတ်ခွဲဝေမှုမှာ နိုင်ငံတော်က ၅၁% နှင့် လုပ်ငန်းရှင်များက ၄၉% ဖြစ်ကြောင်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှ သိရသည်။
အဆောက်အဦးနှင့်ဒီဇိုင်း
စီမံကိန်း၏ဗိသုကာဒီဇိုင်းကို မြန်မာကုမ္ပဏီဖြစ်သည့် Amenity Design မှ ရေးဆွဲပေးထားပြီး ဆောက်လုပ်ရေးကို ထိုက်စန်နှင့် Crown Advanced Construction တို့က တာဝန်ယူထားသည်။
ယခုအခါ အိမ်ရာစီမံကိန်းအသစ်တွင် ရှစ်ခန်းတွဲ ခြောက်ထပ်ကားပါကင်အပါအဝင် အဆောက်အအုံတစ်လုံး၊ ရှစ်ခန်းတွဲ ခြောက်ထပ်နှစ်လုံးနှင့် ကိုယ်ကာယလေ့ကျင့်ခန်းမ၊ ရေကူးကန်တို့ပါဝင်မည့် အဆောက်အအုံတစ်လုံးနှင့် တင်ဒါအောင်မြင်ခဲ့သည့် ကုမ္ပဏီနှစ်ခုက လူနေအိမ်ခန်းပေါင်း ၁၂၀ ကို ပြန်လည် တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။
Company | Country of Origin | Role |
Department of Urban and Housing Development | Myanmar | Land Owner |
Hitke Sin | Myanmar | Developer, contractor |
Myanmar Saytanar | Myanmar | Developer |
Crown Advanced Construction | Myanmar | Contractor |
Amenity Design Group | Myanmar | Architect |
ထိုတိုက်ခန်းပေါင်း ၁၂၀ မှ မူလနေထိုင်သူအတွက် တိုက် A မှ အခန်း ၄၀၊ လုပ်ငန်းလုပ်သည့် ကုမ္ပဏီနှစ်ခုဖြစ်သော ထိုက်စန်အတွက် တိုက် C မှ အခန်း ၂၀၊ မြန်မာစေတနာအတွက် တိုက် B မှ အခန်း ၂၀ နှင့် အိမ်ရာဖွံ့ဖြိုးရေးဌာနအတွက် အခန်း ၄၀ အသီးသီး ခွဲတမ်းချထားသည်ဟု သိရပါသည်။
ထို့အပြင် ထိုပုဂ္ဂလိက ကုမ္ပဏီနှစ်ခုမှာ မြေညီထပ်မှ ဆိုင်ခန်းနေရာများကိုလည်း ရရှိမည်ဖြစ်သည်။
မြန်မာစေတနာကုမ္ပဏီမှ Block B နှင့် Block A တစ်ဝက်၊ ထိုက်စင်ကုမ္ပဏီမှ Block C နှင့် Block A တစ်ဝက်ကို ဆောက်လုပ်ခဲ့ပါသည်။
အခန်းတစ်ခန်းစီတွင် မိသားစုအိပ်ခန်းတစ်ခန်းနှင့် ရိုးရိုးအိပ်ခန်း နှစ်ခန်းစီ၊ ထမင်းစားခန်း၊ ဧည့်ခန်း၊ မီးဖိုခန်းများ ပါဝင်ပါသည်။ ရေ၊ မီးနှင့် ဓာတ်လှေကား၊ မီးသတ်စနစ်တွေကိုလည်း တပ်ဆင်ထားပြီး ကားပါကင်လည်း ပါရှိမည်ဟု သိရသည်။
လက်ရှိတွင် တိုက် A မှာ ပြီးစီးသွားပြီး တိုက် B နှင့် C မှာ ဆက်လက်ဆောက်လုပ်လျှက်ရှိကြောင်း သိရှိရပါသည်။
ရွှေဂုံဖွံ့ဖြိုးရေးအိမ်ရာကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် အခန်းများ စတင်ချထားပေးမည်ဖြစ်ပြီး အိမ်ရာဖွင့်ပွဲအခမ်းအနားကို ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်နေ့တွင် ကျင်းပမည်ဖြစ်ပြီး အခန်းသော့များ ပါ တစ်ပါတည်း ပေးအပ်သွားမှာဖြစ်ကြောင်း သိရသည်။
Pricing and Sales Model
အိမ်ရာဖွံ့ဖြိုးရေးဌာနမှ ရရှိသော အခန်းများကို ပြန်လည်ရောင်းချမည်ဖြစ်ပြီး ထိုအခန်းများကိုမူ တစ်စတုရန်းပေလျှင် ငွေကျပ် တစ်သိန်းခွဲဖြင့် ရောင်းချမည်ဖြစ်ကြောင်း သိရသည်။
ပုဂ္ဂလိကပိုင်အခန်းများမှာ အဆင့်မြင့်တိုက်ခန်းများဖြစ်ပြီး ဈေးနှုန်းမှာ တစ်စတုရန်းပေလျှင် ၃ သိန်းခွဲမှ ၅ သိန်းအထိရှိသည်ဟု သိရသည်။
ထိုက်စန်မှ ရောင်းချနေသည့် အခန်းများကို Golden Link Condominium ဟု ခေါ်ဆိုသည်။
Source: Ministry of Information, Htike Sin, Amenity Design, Crown Advanced Construction