မြန်မာ့စီးပွားရေးဘဏ်မှ ဆောက်လုပ်ရေးလုပ်ငန်းရှင်များကို ချေးငွေ ထုတ်ချေးပေးသွားမည်


09 November, 2020

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့စီးပွားရေးဘဏ်မှ တစ်ဆင့် မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းမှ ဖွဲ့စည်းထားသောဆောက်လုပ်ရေးနှင့်အိမ်ရာဖွံ့ဖြိုးရေးဘဏ်သို့ချေးငွေများထုတ်ချေးပြီး ဆောက်လုပ်ရေးလုပ်ငန်းများကို ချေးငွေများထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း စီမံကိန်းနှင့်ဘဏ္ဍရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကျော်ဝင်း က UMFCCI၌ပြုလုပ်သည့် စီးပွားရေးလုပ်ငန်းရှင်များနှင့်ဒုတိယသမ္မတတို့တွေ့ဆုံပွဲတွင်ပြောကြားခဲ့ပါသည်။

ယခုကဲ့သို့ ချေးငွေများထုတ်ချေးရန် စီစဉ်ရခြင်းမှာ လက်တလောဆောက်လုပ်ရေးလုပ်ငန်းများတွင် လုပ်ငန်းရှင်များအနေဖြင့် ငွေကြေးအခက်အခဲများရှိနေပြီး ဆောက်လုပ်ရေးလုပ်ငန်းများနှေးကွေးနေခြင်းကြောင့်ဖြစ်သည်ဟု သိရသည်။

မြန်မာ့စီးပွားရေးဘဏ်သို့ ဆောက်လုပ်ရေးနှင့်အိမ်ရာဖွံ့ဖြိုးရေးဘက်မှ ချေးငွေအတွက် အတိုးပေးရမည် မဟုတ်ကြောင်း ချေးငွေရယူသောစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်သို့ အတိုးနှုန်းအဖြစ် တစ်နှစ်လျှင်ကျပ်တစ်ရာကို ၀ ဒသမ ၁ရာခိုင်နှုန်း (ကျပ်၁၀၀လျှင် ၁၀ပြား၊ ကျပ်တစ်သိန်းလျှင် ကျပ်တစ်ရာနှုန်း) ပေးရမည်ဖြစ်ကြောင်းသိရသည်။

ဆောက်လုပ်ရေးလုပ်ငန်းများ ပြန်လည်ဖွံ့ဖြိုးလာစေရန် ကျပ်ဘီလီယံနဲ့ချီပြီး ပံ့ပိုးကူညီပေးမည်ဖြစ်ကြောင်းနှင့် ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ ငွေလည်ပတ်မှုတွေ နှေးကွေးနေကြောင်း သိရှိရပါသည်။

အဆိုပါချေးငွေများကို ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်နှင့် ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းတို့ပူးပေါင်းပြီး ချေးငွေထုတ်ချေးရန် သင့်တော်သော လုပ်ငန်းရှင်များကို ချေးငွေများထုတ်ချေးသွားမည်ဖြစ်ပြီး ယခုကဲ့သို့ ဆောင်ရွက်ရခြင်းမှာ ဆောက်လုပ်ရေး လုပ်ငန်းများပြန်လည်ရှင်သန်လာနိုင်စေရန်အတွက်ဖြစ်ကြောင်းသိရသည်။

ယခုအချိန်တွင် နိုင်ငံတော် အစိုးရအနေဖြင့် ဆောက်လုပ်ရေးနှင့်အိမ်ရာဖွံ့ဖြိုးရေးဘဏ်သို့ကျပ်၃၀ဘီလီယံထုတ်ပေးပြီး ဆက်လက်ထုတ်ချေးနိုင်ရန် ဂျပန်နိုင်ငံအပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ(JICA)ထံမှ ODAချေးငွေများရရှိရန်လည်း ဆောင်ရွက်လျက်ရှိနေကြောင်း သိရပါသည်။

ယခုအခါ နိုင်ငံတွင်ကွန်ဒိုမီနီယံဥပဒေမှာလည်းထွက်ရှိပြီးဖြစ်ပြီး မကြာမီကာလတွင် နည်းဥပဒေထွက်ရှိလာတော့မည်ဖြစ်ရာ အဆိုပါနည်းဥပဒေထွက်လာပြီးပါက ဆောက်လုပ်ရေးလုပ်ငန်းများအနေဖြင့် ပြန်လည်ကောင်မွန်လာနိုင်မည်ဖြစ်ကြောင်းသိရသည်။

၂၀၁၅ခုနှစ်တွင် အစိုးရသစ်တတ်ရောက်လာနိုင်သည့်အချိန်၌ ဆောက်လုပ်ရေးလုပ်ငန်းတွင် သတ်မှတ်ချက်များနှင့်ပြည့်စုံခြင်းရှိမရှိစစ်ဆေးရန်အတွက် ဆောက်လုပ်ရေးလုပ်ငန်းများကို တည်ဆောက်မှုများရပ်တန့်ရန် ညွှန်ကြားခဲ့ပြီးသည့်နောက်ပိုင်းတွင် ဆောက်လုပ်ရေးလုပ်ငန်းများနှေးကွေးသွားခဲ့ရကြောင်းသိရသည်။

Myanmar Business Today

Real Estate & Properties Read 74 times