အာရှ ပစိဖိတ်ဒေသ ဆောက်လုပ်ရေးကဏ္ဍ စီမံကိန်းများ


05 September, 2021

အာရှ ပစိဖိတ်ဒေသ ဆောက်လုပ်ရေးကဏ္ဍတွင် ၂၀၂၁ ခုနှစ် ဒုတိယ သုံးလပတ်အတွင်း အနည်းငယ် လျော့ကျခဲ့သည်ကို တွေ့ကြုံခဲ့ကြောင်း Lodging Econometrics (LE) မှ ထုတ်ပြန်တဲ့ Hotel Construction Pipeline Trend Report တွင် သုံးသပ်ထားပါတယ်။ အစီရင်ခံစာက အာရှ ပစိဖိတ်ဒေသအတွက် အချက်အလက်များ ဖော်ပြရာမှာ တရုတ်နိုင်ငံကို ချန်ထားပြီး ကျန်ရှိတဲ့ အာရှ ပစိဖိတ်ဒေသရှိ နိုင်ငံများကိုသာ ဖော်ပြထားတာ ဖြစ်ပါတယ်။ 

ဒေသတွင်း ဆောက်လုပ်ရေးကဏ္ဍမှာ စီမံကိန်း စုစုပေါင်း ၁,၇၀၁ ရှိခဲ့ပြီး အခန်းပေါင်း ၃၆၄,၄၈၇ ခန်း ဆောက်လုပ်ခဲ့တယ်။ ယခင်နှစ် ဒုတိယသုံးလပတ်နဲ့ နှိုင်းယှဉ်ပါက စီမံကိန်းမှာ ၁၁ % ကျဆင်းပြီး အခန်းပေါင်းမှာ ၁၀% ကျဆင်းခဲ့ပါတယ်။

ဒုတိယသုံးလပတ် ကုန်ဆုံးချိန်မှာ ဒေသတွင်း လုပ်ကိုင်ဆဲဖြစ်တဲ့ စီမံကိန်း ၈၅၂ ခု ရှိပြီး ဆောက်လုပ်ဆဲဖြစ်တဲ့ အခန်းပေါင်း ၁၉၅,၉၄၀ ခန်း ရှိပါတယ်။ 
လာမယ့် ၁၂ လအတွင်း အစပြဖို့ ရှိတဲ့ စီမံကိန်း ၃၉၀ ရှိပြီး စတင်ဆောက်လုပ်မယ့် အခန်းပေါင်း ၇၃,၄၄၇ ရှိပါတယ်။ စီမံကိန်း ကနဦးကာလ ပြင်ဆင်မှုအဆင့်မှာ ရောက်ရှိနေတဲ့ စီမံကိန်း ၄၅၉ ခုရှိပြီး အခန်းဆောက်လုပ်ရေးမှာ ၉၅,၁၀၀ ခန်း ရှိပါတယ်။ 

အာရှပစိဖိတ် နိုင်ငံတွေမှာ ကိုဗစ်ကပ်ရောဂါရဲ့ အကျိုးသက်ရောက်မှုတွေ အနည်းနဲ့ အများ ဆက်ရှိနေဆဲ ဖြစ်ပါတယ်။ ပြည်ဝင်ခွင့်တွေ ပိတ်ပင်ထားဆဲ ဖြစ်တဲ့နိုင်ငံတွေလည်း ရှိနေဆဲ ဖြစ်ပြီး ပြည်တွင်း သွားလာမှုများ ကန့်သတ်ချုပ်ချယ်မှုများလည်း ရှိနေဆဲ ဖြစ်ပါတယ်။ အဲဒီအချက်တွေက ဒေသတွင်း စီးပွားရေးအပေါ် သိသာထင်ရှားတဲ့ သက်ရောက်မှုများ ပြုနေဆဲ ဖြစ်ပြီး အထူးသဖြင့် ခရီးသွားလုပ်ငန်းကို ထိခိုက်နေစေပါတယ်။ ကာကွယ်ဆေးထိုးနှံမှုမှာ နှေးနေဆဲဖြစ်ပြီး ပြန်နာလန်ထဖို့ အချိန်ကြာမြင့်မှာကို နိုင်ငံအများအပြား ရင်ဆိုင်နေရတယ်လို့ အစီရင်ခံစာမှာ သုံးသပ်တင်ပြထားတယ်။ ကိုဗစ်နဲ့အတူ နေထိုင်ကြရင်း ဆောက်လုပ်ရေးကဏ္ဍ ပြန်ဦးမော့လာလိမ့်မယ်လို့ အကောင်းမြင်ထားတဲ့ developers များလည်း ရှိနေပြီး အချိန်ဆိုင်းထားတဲ့ အစီအစဉ်တွေကို ပြန်လည်ရှေ့တိုးဖို့ စိုင်းပြင်းနေကြပါတယ်။ 

နိုင်ငံအလိုက် ကြည့်ရင် ဒေသတွင်းမှာ အင်ဒိုနီးရှားနိုင်ငံက စီမံကိန်း ၃၁၈ ခု၊ အခန်း ၅၁,၁၉၇ ဆောက်လုပ်အကောင်အထည်ဖော်မှု အများဆုံးနိုင်ငံ ဖြစ်ပါတယ်။ 
ဒုတိယနေရာမှာ အိန္ဒိယနိုင်ငံ ရှိနေပြီး စီမံကိန်း ၂၈၂ ခု နဲ့ အခန်းပေါင်း ၃၇,၆၁၇ ဆောက်လုပ်လျက် ရှိပါတယ်။
ဗီယက်နမ်က စီမံကိန်း ၁၈၀၊ အခန်း ၇၀,၁၃၅ ခန်းဖြင့် တတိယနေရာမှာ ရှိနေပါတယ်။
စတုတ္ထနေရာမှာ ထိုင်းနိုင်ငံ ရှိနေပြီး စီမံကိန်း ၁၃၅ ခုနဲ့ အခန်းပေါင်း ၃၂,၁၃၅ ဆောက်လုပ်ဆဲ ဖြစ်ပါတယ်။ 
ပဉ္စမနေရာမှာတော့ ဂျပန်နိုင်ငံ ရှိနေပြီး စီမံကိန်း ၁၃၃ ခု နဲ့ အခန်းပေါင်း ၂၇,၅၆၇ ခန်း ဆောက်လုပ်လျက် ရှိပါတယ်။ တရုတ်နိုင်ငံမှအပဖြစ်သော အာရှပစိဖိတ်ဒေသ ဆောက်လုပ်ရေး စီမံကိန်းတွေအားလုံးရဲ့ ၆၂%ကို အဆိုပါ ငါးနိုင်ငံမှာ လုပ်ကိုင်လျက် ရှိပါတယ်။ 

အကြီးမားဆုံ ဆောက်လုပ်ရေး စီမံကိန်းများအရ မြို့အလိုက် ကြည့်ရင် ဒေသတွင်းမှာ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့က စီမံကိန်း ၇၁ ခုနဲ့ အခန်း ၁၂,၃၇၆ ခန်း တို့ဖြင့် ဦးဆောင်နေပါတယ်။ 
ဒုတိယနေရာမှာ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ ရှိနေပြီး စီမံကိန်း ၆၃ ခုနဲ့ အခန်း ၁၂,၃၀၀ ဆောက်လုပ်နေပါတယ်။ 
တတိယနေရာမှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က စီမံကိန်း ၄၈ ခုနဲ့ အခန်းပေါင်း ၁၂,၀၃၃ ခန်းဖြင့် နေရာယူထားပါတယ်။ 
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့က စီမံကိန်း ၄၅ ခု၊ အခန်း ၁၃,၄၀၆ ခန်းဖြင့် စတုတ္ထနေရာမှာ ရှိနေပါတယ်။ ထိုင်းနိုင်ငံ ဖူးကက်က ပဉ္စမနေရာမှာ  စီမံကိန်း ၃၀ ခု၊ အခန်း ၆,၆၃၇ ဖြင့် ရောက်ရှိနေပါတယ်။ 

ဟိုတယ်လုပ်ငန်းစုတွေရဲ့ ဒေသတွင်း ဆောက်လုပ်မှုမှာ Marriott International က စီမံကိန်း ၂၆၀ ခုနဲ့ အခန်းပေါင်း ၅၆,၁၅၉ ၊ Accor က စီမံကိန်း ၂၁၇ ခုနဲ့ အခန်း ၄၉,၈၁၉ ခန်း၊ InterContinental Hotels Group (IHG) က စီမံကိန်း ၁၄၂ ခုနဲ့ အခန်း ၂၉,၁၅၄ ခန်း၊ Hilton Worldwide က စီမံကိန်း ၉၀ ခုနဲ့ အခန်း ၂၁,၀၈၉ ခန်း၊ Hyatt Hotels က စီမံကိန်း ၇၂ ခုနဲ့ အခန်း ၁၄,၂၉၇ ခန်း ဆောက်လုပ်ဆဲ ဖြစ်ပါတယ်။ 

၂၀၂၁ ခုနှစ် ဒုတိယ သုံးလပတ်အတွင်းမှာ တရုတ်နိုင်ငံမှအပဖြစ်သော အာရှပစိဖိတ်ဒေသအတွင်း ဟိုတယ် အသစ် ၄၄ ခု ဆောက်လုပ်ခဲ့ပြီး အခန်းပေါင်း ၇,၀၁၀ ခန်း တိုးခဲ့ပါတယ်။ ပထမနှစ်ဝက်အတွင်းမှာ ဟိုတယ်အသစ် ၁၀၃ ခု ရှိခဲ့ပြီး အခန်း ၁၈,၅၃၄ ခန်း တိုးခဲ့ပါတယ်။ 
ဒုတိယနှစ်ဝက်အတွင်းမှာ ပြီးစီးဖို့ လျာထားတဲ့ ဟိုတယ်အသစ် ၃၁၉ ခု ရှိပြီး အခန်း ၆၄,၈၀၇ ခန်း ထပ်တိုးမှာ ဖြစ်ပါတယ်။ 
 

Region Read 341 times