နိုင်ငံတကာအဆင့်မီလေဆိပ်အဖြစ် အဆင့်မြှင့်ဖို့ လွိုင်ကော်လေဆိပ်ကို တင်ဒါခေါ်၍ လုပ်ဆောင်မည်


09 December, 2019

ကယားပြည်နယ်ရှိ လွိုင်ကော်လေဆိပ်ကို လေယာဉ်ကြီးများ ဆင်းသက်နိုင်ရန် နိုင်ငံတကာအဆင့်မီ လေဆိပ်ပုံစံမျိုး အဆင့်မြှင့်တင်ဆောင်ရွက်ရေးအတွက်

တင်ဒါခေါ်ယူလုပ်ဆောင်မည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ဖေဖော်ဝါရီလ ၂၃ ရက်တွင် သိရသည်။
        "လွိုင်ကော်လေဆိပ်က ဒုတိယဦးစားပေးအဆင့်မှာ ရှိနေတယ်။ လက်ရှိ ပေ ၇၀၀၀ အခြေပြု နိုင်ငံတကာအဆင့်မီကွင်းအဖြစ် ဒီဇိုင်းပြန်လည်ရေးဆွဲတာတွေ၊ အဆောက်အအုံပြောင်းရွှေ့ဆောက်လုပ်ဖို့ မြေအသုံးပြုမှုအပိုင်း ကွင်းဆင်းဆောင်ရွက်သွားမှာပါ။ လေ ယာဉ်ပြေးလမ်း အဆင့်မြှင့်တင်တာကို Public private partnership (PPP စနစ်နဲ့လုပ်မှာပါ" ဟု လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးမင်းလွင်က ပြောသည်။

        လွိုင်ကော်လေဆိပ်သည် ယခင်က ပြေးလမ်း ပေ ၅,၂၀ဝ_၇၅ ပေရှိရာမှ ၂၀၁၃ နှစ်မှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အထိ အဆင့်ဆင့်တိုးချဲ့ တည်ဆောက်ခဲ့ရာ ယခုအခါ လေယာဉ်ပြေးလမ်း ပေ ၇,၀၀၀_၇၅ ပေတွင် လေယာဉ်များ အဆင်း၊အတက် အသုံးပြုလျက်ရှိကြောင်း နှင့် လေဆိပ်မြေဧရိယာသည် ၂၃၆ ဒသမ ၆ ဧကရှိကြောင်း သိရသည်။

 

        လွိုင်ကော်မြို့သည် ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ခရိုင်နှင့် ညီအစ်မ မြို့တော်အဖြစ် လက်မှတ်ရေးထိုးထားပြီးဖြစ်သဖြင့် နှစ်နိုင်ငံခရီးသွားကဏ္ဍများ၊ ရင်းနှီးမြှုပ်နှံမှုကဏ္ဍများ ချိတ်ဆက်ဆောင်ရွက်လျက်ရှိရာ မယ်ဟောင်ဆောင်နှင့် လွိုင်ကော်တို့အကြား လေကြောင်းခရီးစဉ်တိုးချဲ့ပြေးဆွဲပေးနိုင်ရေးအတွက် လွိုင်ကော်လေဆိပ်ကို ယခုထက် အဆင့်မြှင့်တင်ရန် လိုအပ်နေကြောင်း သိရသည်။
        မြန်မာနိုင်ငံအတွင်း လေယာဉ်ကွင်းပေါင်း ၆၉ ကွင်းရှိသော်လည်း လက်ရှိအသုံးပြုမှုအနေဖြင့် နိုင်ငံတကာလေယာဉ်ကွင်း သုံးကွင်းနှင့် ပြည်တွင်း လေယာဉ်ကွင်း ၃၁ ကွင်း စုစုပေါင်း လေယာဉ်ကွင်းပေါင်း ၃၄ ကွင်း ရှိကြောင်း သိရသည်။

Region Read 66 times