တည်ဆောက်ပြီး တန်ဖိုးနည်း၊ တန်ဖိုးသင့်အိမ်ခန်းများကို နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများအကြား အချိုးကျခွဲဝေ ရောင်းချပေးလျက်ရှိပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ရန်ကုန်မြို့တွင် တန်ဖိုးနည်းအိမ်ရာများကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် ဖိတ်ခေါ်ဆောင်ရွက်ကာ နိုင်ငံဝန်ထမ်းအငြိမ်းစားများကို ရောင်းချရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ပြောကြားသည်။
ပြည်တွင်းလုပ်ငန်းရှင်များ၏ ရင်းနှီးမြှုပ်နှံမှုသည် ငါးနှစ်မှ ရှစ်နှစ်အတွင်းသာရှိသည့်အတွက် တန်ဖိုးနည်းအိမ်ရာများ တည်ဆောက်ရန် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။
“ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို တန်ဖိုးနည်းအိမ်ရာတည်ဆောက်ရေးမှာ ဖိတ်ခေါ်ဖို့ ဆန္ဒရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ပြည်တွင်းရင်းနှီးမြှုပ်နှံသူတွေက ရင်းနှီးမြှုပ်နှံမှုကို ငါးနှစ်ကနေ ရှစ်နှစ်လောက်ပဲ ပေးနိုင်တဲ့အခြေအနေ ရှိပါတယ်။ ဒီတိုက်ခန်းတွေကို ဝယ်ယူနေထိုင်မည့် ပြည်သူတွေက အရစ်ကျပေးရမယ်ဆိုရင် တန်ဖိုးပမာဏများပြားနိုင်ပါတယ်။ ဒီတန်ဖိုးပမာဏများပြားခြင်းက သူတို့ရဲ့ နေ့စဉ်ဝင်ငွေနဲ့ ယှဉ်တွက်မယ်ဆိုရင် အခက်အခဲတွေ ရှိလာနိုင်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့က ဒီတန်ဖိုးနည်းအိမ်ရာတွေကို အရစ်ကျပေးချေတဲ့နေရာမှာ သူတို့ လစာငွေကနေ ဘယ်လောက်ပေးချေနိုင်သလဲ ဆိုတာကို တွက်ချက်ပြီး ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်နိုင်ဖို့ဆိုရင် တန်ဖိုးနည်းအိမ်ရာတွေကို ၁၅ နှစ်ကနေ အနှစ် ၂၀ လောက်လာပြီး ရင်းနှီးမြှုပ်နှံသူကို ဖိတ်ခေါ်လိုပါတယ်” ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။
ယင်းကဲ့သို့ ဆောင်ရွက်နိုင်ရန်အတွက် ရင်းနှီးမြှုပ်နှံမှုရရှိပါက အစိုးရမှ စနစ်တကျ ရောင်းချပေးနိုင်ရန်ဖြစ်ကြောင်း၊ သို့မှသာ ရန်ကုန်တွင် လာရောက်လုပ်ကိုင်နေသူများ ရွှေ့ပြောင်းလုပ်သားများ အခက်အခဲအမျိုးမျိုးကြောင့် ရန်ကုန်တွင် ရောက်ရှိနေသူများအတွက် ယင်းကဲ့သို့ အခွင့်အလမ်း ဖန်တီးပေးနိုင်ရန် ကြိုးပမ်းနေကြောင်း၊ အဆင့်တစ်ခုသို့ရောက်ရှိနေပြီဖြစ်ကြောင်း၊ အမြန်ဆုံးဆောင်ရွက်နိုင်ရန် မြေပေးပြီး ဆောင်ရွက်နိုင်မည့်နည်းလမ်းကို ကြိုးပမ်းနေပြီဖြစ်ကြောင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။
“အခုမြေကို ဆိုက်ထည့်ပေးနိုင်ပြီး ဒီပေါ်မှာအိမ်ရာကို ချေးငွေစနစ်တစ်ခုနဲ့ ဆောင်ရွက်နိုင်ဖို့အတွက် ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်”ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။ ရန်ကုန်တိုင်းအတွင်း တန်ဖိုးနည်းအိမ်ရာများ တည်ဆောက်မည့် ကုမ္ပဏီများကို ဖိတ်ခေါ်ရန် အစီအစဉ်ရှိကြောင်း၊ တန်ဖိုးအိမ်ရာများသည် ရန်ကုန်တိုင်းအတွင်း များစွာလိုအပ်ကြောင်း၊ တန်ဖိုးနည်းအိမ်ရာ တည်ဆောက်မည့် ဧရိယာအတွင်း မြေတန်ဖိုးအား မယူဘဲ တည်ဆောက်နိုင်ရန် ပြင်ဆင်နေကြောင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။