အိမ်ငှားဈေး ကျဆင်းရန် အစိုးရအငှားအိမ်ရာများ ထပ်မံဆောက်လုပ်မည်


26 September, 2019

ပြည်တွင်းဈေးကွက်အတွင်း မြင့်တက်နေသည့် အိမ်ငှားဈေးနှုန်းများ ကျဆင်းစေရန် အစိုးရအငှားအိမ်ရာ များကို ထပ်မံဆောက်လုပ်မည်ဖြစ်ကြောင်း ပြည်သူ့အိမ်ရာ ရောင်းချရေးကော်မတီမှ သိရသည်။

“အငှားအိမ်ရာနေထုင်သူတွေအနေနဲ့လည်း ကော်မတီကိုလာပြောတာတွေရှိတယ်။တောင်းဆိုတာတွေရှိတယ်” ဟု ယင်းကော်မတီ၏အတွင်းရေးမှူး ဦးညီညီကပြောသည်။

လက်ရှိတွင် ဗန္ဓုလအငှားအိမ်ရာတွင် အိမ်ရာ ၁ဝလုံးပြန်လည်တည်ဆောက်လျက်ရှိပြီး အဆိုပါအိမ်ရာရှိအိမ်ခန်း များကို လာမည့် ဒီဇင်ဘာလတွင် တစ်လလျှင် ကျပ်သုံးသောင်းနှင့် ထိန်းသိမ်းစောင့်ရှောက်ခ ကျပ်ခြောက် ထောင်ဖြင့်နေထိုင်ခွင့်ပြုမည်ဖြစ်ကြောင်း အဆိုပါကော်မတီမှ သိရသည်။

ဈေးကွက်အတွင်း အိမ်ငှားရမ်းခသည် အနိမ့်ဆုံး ကျပ်ခြောက်သောင်းမှ သိန်းဂဏန်းအထိ မြင့်တက်နေသဖြင့် အဆိပါအိမ်ငှားရမ်းခများ သက်သာစေရန် အငှားအိမ်ရာများဖော်ဆောင်သွားမည်ဖြစ်ကြောင်း ကော်မတီထံမှ သိရသည်။

“အိမ်ရာအသစ်တွေ ဖော်ဆောင်ဖို့နေရာတွေရှာနေတယ်။ဒါတွေကိုသက်ဆိုင်ရာအလိုက် ညှိုနှိုင်းပြီးရင် အကောင်အထည်ဖော်သွားမယ်။အခုမြင့်တက်နေတဲ့ အငှားဈေးလည်းပြုတ်ကျသွားနိုင်တယ်”ဟု ဦးညီညီကဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရသည် အငှားအိမ်ရာများကို ၂၀၁၆ခုနှစ်မတ်လက လျှောက်လွှများ စတင်ရောင်းချခဲ့ပြီး အခန်းပေါင်း ၁၁၅ဝကျော်မှ ပထမတန်းစီဇယားတွင် ပါဝင်သူ ၂၅၀ ဦးနှင့်မဲနှိုက် ရွေးချယ်သူ ၁၄၀၀ကို မဲစနစ်ဖြင့်ငှားရမ်းနေထိုင်ခွင့် ရရှိသူများကို ရွေးချယ်ခဲ့ကြောင်း တိုင်းဒေသကြီးအစိုးရ၏ သတင်းထုတ်ပြန်ချက်များအရသိရသည်။
 

Local Read 54 times