တန်ဖိုးနည်းတိုက်ခန်းများကိုသိန်း ၁၅၀ ဖြင့်ပုဂ္ဂလိကကုမ္ပဏီတစ်ခုမှရောင်းချမည်


02 November, 2020

 

ကျပ်သိန်း ၁၅၀ ခန့်ဖြင့်တန်ဖိုးနည်းတိုက်ခန်းများကိုအရစ်ကျစနစ်ဖြင့်တည်ဆောက်ရောင်းချနိုင်ရန် iGreen ဆောက်လုပ်ရေးကုမ္ပဏီကအစိုးရအဖွဲ့သို့တင်ပြရန်စီစဉ်နေကြောင်းသိရသည်။

ပထမ ၂ နှစ်အတွင်း ၇၅ သိန်းကနဦးပေးချေရမည်ဖြစ်ပြီးအခန်းသော့အပ်ပြီးပါကကျန်လပေါင်း ၁၀၀ (ရှစ်နှစ်ကျော်) ကိုအရစ်ကျစနစ်ဖြင့်တစ်လလျှင်ကျပ် ၇၅,၀၀၀ ပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။

ကျပ်သိန်း ၁၀၀ အောက်ဖြင့်ရောင်းချလိုသော်လည်းဆောက်လုပ်မှုကုန်ကျစရိတ်သည်ခေတ် စနစ် အခြေအနေအရသိန်း ၈၀ ရှိသောကြောင့်မြေဖိုးအတိုးနှုန်းများပင်ထည့်မတွက်ရသေးကြောင်းသိရသည်။

စတုရန်းပေ ၄၀၀ အကျယ်အဝန်းခြောက်ထပ်တိုက်ခန်းပေါင်း ၃,၀၀၀ကျော်တည်ဆောက်နိုင်ရန်ကနဦး iGreen ကရည်ရွယ်ထားသည်။

စီမံကိန်းတည်နေရာကို မကြာမီရက်ပိုင်းအတွင်းကြေညာပေးမည်ဖြစ်ကာရန်ကုန်မြို့တွင်းနှင့် ၁၀ မိုင်ခန့်အကွာ၌တည်ဆောက်မည်ဖြစ်ကြောင်းလည်းသိရသည်။

စီမံကိန်းတွင်ကားပါကင်နေရာကို အနည်းငယ်ထည့်သွင်းမည်ဖြစ်ပြီး တန်ဖိုးနည်းတိုက်ခန်းနေသူများ အဆင်ပြေစေရန်သယ်ယူပို့ဆောင်ရေးအတွက်ကြိုပို့ဘတ်စ်ကားများပင်စီစဉ်ပေးရန်ရည်ရွယ်ထားသည်။

တန်ဖိုးကြီးကွန်ဒိုတိုက်ခန်းများကို အရစ်ကျစနစ်ဖြင့် ရောင်းချရာတွင်ဆောက်လုပ်ရေး လောက၌ နာမည်ကြီးသည့် iGreen ကုမ္ပဏီသည်တန်ဖိုးနည်းအိမ်ရာတည်ဆောက်မှုသည်၎င်းတို့ ကုမ္ပဏီအတွက် ပွဲဦးထွက်စီမံကိန်းဖြစ်သည်။

စီမံကိန်းကိုဘဏ်များနှင့်ချိတ်ဆက်၍ရပါကယခုထက်ပိုမိုပြီးတိုက်ခန်းတန်ဖိုးကိုလျှော့ချရန်စီစဉ်နေသည်ဟု ဆိုသည်။

ပြီးခဲ့သည့် ဦးသိန်းစိန် အစိုးရ လက်ထက်၌ တော်ဝင်ဆောက်လုပ်ရေးကုမ္ပဏီကအစိုးရထံမြေတောင်းပြီး ကျပ်သိန်း ၆၀ ခန့်ဖြင့်တန်ဖိုးနည်းအိမ်ရာစီမံကိန်းများတည်ဆောက်မည်ဟုကြေညာခဲ့သော်လည်း အ ကောင်အထည်မပေါ်ခဲ့ပေ။

လက်ရှိတွင်တန်ဖိုးနည်းအိမ်ရာစီမံကိန်းများကိုရန်ကုန်အပါအဝင်မြို့ကြီးများ၌ မြို့ပြ နှင့်အိမ်ရာဖွံ့ဖြိုးမှုဦးစီးဌာန အပါအဝင်အစိုးရအဖွဲ့အစည်းများကသာအများဆုံးတည်ဆောက်နေပြီး ပုဂ္ဂလိကလုပ်ငန်းရှင်များဝင်ရောက် တည်ဆောက်မှုမှာနည်းပါးသည်။

ဆောက်လုပ်ရေးလုပ်ငန်းရှင်အများစုသည် တန်ဖိုးကြီးအိမ်ခန်းများတည်ဆောက်မှုတွင်ဝယ်လိုအား ကျဆင်းလာသောကြောင့်လုပ်ငန်းရှင်အချို့တန်ဖိုးနည်းအိမ်ရာစီမံကိန်းများဘက်သို့ပြောင်းရွှေ့လာခြင်း ဖြစ်နိုင်ကြောင်းဦးမောင်မောင်လွင်ကဆက်လက်ပြောကြားသည်။

Source:imyanmarhouse

Public Housing Read 67 times