တန်ဖိုးနည်းတိုက်ခန်းများကိုအရစ်ကျဝယ်ယူရာတွင်လက်ရှိ ၁၀ နှစ်အရစ်ကျထုတ်ချေးပေးရာမှ
ယခုနှစ်အတွင်း ၁၅ နှစ်ခန့်ဖြင့်နှစ်တိုး၍ ထုတ်ချေးပေးမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးနှင့်မြို့ပြအိမ်ရာဖွံ့ဖြိုးရေးဘဏ် ၊အိမ်ရာချေးငွေ ဌာနမှ သိရသည်။
လက်ရှိတွင်နှစ်ရှည်ချေးငွေပေး၍ တန်ဖိုးနည်းတိုက်ခန်းများရောင်းချနိုင်ရန်ပြည်တွင်း၊ ပြည်ပဘဏ်များနှင့် ချိတ်ဆက်ဆောင်ရွက်နေပြီးလာမည့်ဘဏ္ဍာနှစ်တွင် JICA ထံမှချေးငွေရရှိရန်လုပ်ဆောင်နေကြောင်း တန်ဖိုးနည်းအိမ်ရာများအပြင်တန်ဖိုးမြင့်ဖြစ်သောရတနာနှင်းဆီအိမ်ရာကဲ့သို့ ကျပ်သိန်း ၆၀၀ မှ ကျပ်သိန်း ၁၂၀၀ အထိရှိသောတိုက်ခန်းများကိုလည်းရောင်းချပေးသွားမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါတန်ဖိုးနည်းနှင့်တန်ဖိုးမြင့်တိုက်ခန်းများကိုအရစ်ကျဝယ်ယူလိုလျှင်ဆောက်လုပ်ရေးနှင့် မြို့ပြ အိမ်ရာဖွံ့ဖြိုးရေးဘဏ်တွင် စုဆောင်းငွေစာရင်းဖွင့်လှစ်ထားရှိရမည်ဖြစ်ပြီး စုဆောင်းငွေ ၃၀ ရာခိုင်နှုန်း ပြည့်မီလျှင်ဘဏ်က ၇၀ ရာခိုင်နှုန်းကိုနှစ်ရှည်ချေးငွေစနစ်ဖြင့်ထုတ်ချေးပေးကြောင်းဆောက်လုပ်ရေးနှင့် မြို့ပြ အိမ်ရာဖွံ့ဖြိုးရေးဘဏ်မှ ပြောကြားသည်။
၂၀၁၇-၁၈ ၂နှစ်အတွင်းရန်ကုန်တိုင်းဒေသကြီးရှိအိုးအိမ်နှင့်ချိတ်ဆက်ပြီးအခန်းပေါင်း ၈ထောင်ခန့်ကို ဆောက်လုပ်ရေးနှင့် မြို့ပြ အိမ်ရာဖွံ့ဖြိုးရေးဘဏ်ကအိမ်ရာချေးငွေအရစ်ကျချေးငွေထုတ်ချေးကာ ရောင်းချပေးနေပြီးလိူင်သာယာ၊ ရွှေလင်ဗန်း၊ ဒဂုံဆိပ်ကမ်း၊ ယုဇနနှင့် သန်လျင်မြို့နယ်များရှိ အိမ်ရာများ ဖြစ်ကြောင်းသိရသည်။
ထိုသို့တန်ဖိုးသင့်အိမ်ရာတိုက်ခန်းများအရစ်ကျစနစ်ဖြင့်ဝယ်ယူရာတွင်ဘဏ်အတိုးနှုန်းမြင့်မားနေသည့် အခြေအနေများကို အစိုးရကဘဏ်လုပ်ငန်းများနှင့်ချိတ်ဆက်ပြီးအတိုးနှုန်းလျော့ကျစေမည့်အစီအစဉ်မျိုး ဆောင်ရွက်ပေးသင့်ကြောင်းအိမ်ခြံမြေရောင်းချသူများနှင့်ဝယ်ယူသူများကအကြံပြုပြောဆိုမှုများ ရှိခဲ့သည်။
မြန်မာနိုင်ငံ၏ အပ်ငွေအတိုးနှုန်းမှာ ၈ ဒသမ ၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအထိရှိနေပြီးလက်ရှိတွင် ဆောက်လုပ်ရေးနှင့် မြို့ပြ အိမ်ရာဖွံ့ဖြိုးရေးဘဏ်သည်ငွေပမာဏအားဖြင့် ၁၀ ဘီလီယံ၊
လူဦးရေအားဖြင့် ၁၄၀၀ ခန့်ကို တန်ဖိုးနည်းအိမ်ရာများအရစ်ကျရောင်းချပေးထားကြောင်းသိရသည်။
ယင်းဘဏ်သည်နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပုသိမ်နှင့် မကွေးတိုင်း တို့တွင်လည်းဘဏ်ခွဲများ ဖွင့်လှစ်ထားရှိနေကြောင်းသိရသည်။
imyanmarhouse