ပြည်သူနှင့် တန်ဖိုးနည်းအိမ်ရာများ ဘာလို့အလှမ်းဝေးနေတာလဲ


03 December, 2020

အစိုးရမှ အကောင်အထည်ဖော်နေသော တန်ဖိုးနည်း၊ တန်ဖိုးသင့်အိမ်ရာစီမံကိန်းတွေကို အမှန်တကယ်အကျိုးရှိအောင် လုပ်ဆောင်ရာမှာ ဘာတွေအားနည်းနေလဲဆိုတာဆောက်လုပ်ရေးလုပ်ငန်းရှင်တွေနဲ့ အိမ်ရာဝယ်ယူလိုသူတွေက ထောက်ပြဝေဖန်ကြသည်။

တန်ဖိုးနည်းလို့ ကြွေးကြော်ပြီးရောင်းချခဲ့တဲ့ တိုက်ခန်းတွေက ကျပ်သိန်း ၁ဝဝ အထက်မှာရှိနေခဲ့ပြီး အစိုးရဝန်ထမ်းကိုဦးစားပေးပစ်မှတ်ထားခဲ့ပေမဲ့ ဝန်ထမ်းတွေဝယ်နိုင်တဲ့ ဈေးနှုန်းမဟုတ်သောကြောင့်တန်ဖိုး နည်းမှ တန်ဖိုးသင့်အဖြစ်ပြောင်းလဲခဲ့ရတယ်။

ဝင်ငွေနည်း ပြည်သူတွေသည်နေ့အထိဝယ်နိုင်တဲ့ အခြေအနေမရှိသေးပါဘူး။

လက်ရှိမှာတော့ CHD  Bank မှာ သိန်း၂ဝ နဲ့အထက် ငွေစုထားသူ ဘယ်သူမဆိုဝယ်ယူနိုင်တယ်ဆိုတဲ့ မူဝါဒကိုပြောင်းလဲခဲ့ပေမဲ့ ဈေးနှုန်းနဲ့တည်နေရာကြောင့် စိတ်ဝင်စားမှု နည်းနေသေးတာတွေ့ရသည်။

အစိုးရအနေနှင့် တန်ဖိုးနည်းအိမ်ရာတွေကိုရောင်းချရာမှာ အရစ်ကျပေးသွင်းရတဲ့နှစ်ကို ၁၅ နှစ်အထိရောက်ရှိအောင် လျှော့ချနိုင်ခဲ့ပေမဲ့ ဘဏ်ရဲ့အတိုးနှုန်းကိုမလျှော့ချနိုင်သေးတာကြောင့်လက်ရှိအချိန်ထိ မထိရောက်သေးဘူး။

ဒါ့အပြင် အရစ်ကျပေးသွင်းရာမှာ အိမ်ခန်းတန်ဖိုးရဲ့ ၂ဝ ရာခိုင်နှုန်း ကနဦးပေးသွင်းရမှာဖြစ်တာကြောင့် ဝင်ငွေနည်းပြည်သူတွေနဲ့ ဝန်ထမ်းတွေအတွက်အိမ်ရာပိုင်ဆိုင်ဖို့ အခက်အခဲ ဖြစ်နေသေးသည်။

တန်ဖိုးနည်း၊ တန်ဖိုးသင့် စီမံကိန်းတွေမှာ ပင်စင်စားတွေကို ဦးစားပေးဖို့ဆိုပြီး ရည်ရွယ်လုပ်ဆောင်နေပေမဲ့ ငွေရေးကြေးရေးပိုင်းမှာတော့ ပင်စင်စားတွေကို အခွင့်အရေးပိုမပေးတဲ့အမှားဟာ ပင်စင်စားတွေရဲ့  အိမ်ရာလိုအပ်မှုကို ထိရောက်အောင်ဖြေရှင်းမပေးနိုင်ပါဘူး။ လက်ရှိအချိန်အထိလည်း ပင်စင်စားတွေအပါအဝင် ဝန်ထမ်းအချို့က သူတို့အတွက် အစိုးရရဲ့ အိမ်ရာစီမံကိန်းတွေကိုစိတ်ဝင်စားမှုသိပ်မတွေ့ရပါဘူး။

ပြည်သူအများစုက အိမ်ခန်းဝယ်ယူရာမှာပဲဖြစ်ဖြစ်၊ မြေကွက်ဝယ်ယူရာမှာဖြစ်ဖြစ် လုံခြုံစိတ်ချပြီးဝန်းကျင်ကောင်းကို ဦးစားပေးရွေးချယ်ကြပါတယ်။ အိမ်ရာစီမံကိန်းအများစုကို တိုးမြှင့်ဖော်ဆောင်တဲ့နေရာမှာ အလှမ်းဝေးတဲ့ နေရာတွေကို ရွေးချယ်တာကထိရောက်သင့်သလောက်မထိရောက်ဘဲ ဖြစ်နေသည်။

တန်ဖိုးနည်းအိမ်ရာတွေကို အစိုးရအနေနဲ့ရောင်းချပေးနေပေမဲ့လည်း ပြည်သူတွေအများအပြားသိရှိအောင် ကျယ်ကျယ်ပြန့်ပြန့်အသိမပေးနိုင်တာကြောင့် ပြည်သူအများစုအနေနဲ့ဘယ်လိုရောင်းချမယ်၊

ဘယ်နေ့ဘယ်ချိန်စရောင်းမယ်ဆိုတာသိရှိမှုနည်းနေပါတယ်။ လက်ရှိမှာတော့ ရန်ကုန်မှာဆိုရင် စည်ပင်သာယာကိုသွားမှ သိရှိရတဲ့အနေအထားမှာ ဖြစ်နေပါတယ်။

အစိုးရအနေနဲ့ ဝန်ထမ်းတွေအပါအဝင် ပြည်သူတွေရဲ့ အိမ်ရာလိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့ ဆန္ဒရှိနေပေမဲ့ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းတွေကို ဝယ်ယူရာမှာတော့အဟန့်အတားတွေ ရှိနေပါတယ်။

အထူးသဖြင့်သစ်နဲ့ပတ်သက်တဲ့ ပစ္စည်းတွေကိုဝယ်ယူရာမှာ အဟန့်အတားတွေများနေတယ်လို့ သိရပါတယ်။ သည့်အတွက် အကျိုးဆက်ကတော့  အိမ်ခန်းတွေဟာ ဈေးမြင့်နေပြီး ပြည်သူတွေအိမ်ရာ ပိုင်ဆိုင်နိုင်မှုအခွင့်အရေး လျော့နည်းစေပါတယ်။

#Myanmar Builders Guide

Local Read 46 times