ကျပ်သိန်း ၉၀ မှစတင်ပြီးဝန်ထမ်းများအတွက်တန်ဖိုးနည်းအိမ်ရာရောင်းချပေးမည်


02 November, 2020

တိုင်းဒေသကြီးနှင့်ပြည်နယ်များအကုန်လုံးတွင်တည်ဆောက်ပေးမည့်ဝန်ထမ်းများအတွက် တန်ဖိုးနည်းအိမ်ရာများကို အနည်းဆုံးကျပ်သိန်း ၉၀ မှစတင်ရောင်းချပေးရန်တင်ပြထားကြောင်း မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်း (MCEA) မှတွဲဖက်အတွင်းရေးမှူးမှပြောကြားသည်။

အငြိမ်းစားဝန်ထမ်းများနှင့်အစိုးရဝန်ထမ်းများကိုအရစ်ကျစနစ်နှင့်ရောင်းချရန်စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဌာနမှဦးဆောင်ပြီးစစ်တမ်းများကောက်ယူနေခြင်းဖြစ်ကြောင်းသိရသည်။

အငြိမ်းစားဝန်ထမ်းများအတွက်တန်ဖိုးနည်းအိမ်ရာများကိုတစ်ပေပတ်လည်လျှင်ငွေကျပ် ၂၀၀၀၀နှုန်းခန့်နှင့် တည်ဆောက်ပေးရန်အဆိုပြုလွှာတင်ထားခြင်းဖြစ်ပါသည်။

အခန်းအကျယ်ကိုသုံးမျိုးခွဲခြားတည်ဆောက်ပေးမည်ဖြစ်ပြီး အနည်းဆုံးစတုရန်းပေ ၄၅၀ မှအများဆုံး ၆၅၀ ခန့်တည်ဆောက်မည်ဖြစ်ကြောင်းသိရသည်။

ယင်းနှုန်းအတိုင်းတွက်ပါကအခန်းတန်ဖိုးမှာကျပ်သိန်း ၉၀မှကျပ်သိန်း ၁၃၀ ခန့်နှင့်ရောင်းချပေးနိုင်မည်ဖြစ်ပါသည်။

ဝန်ထမ်းအိမ်ရာများကိုအကောင်အထည်ဖော်ရန်အတွက်အစိုးရဘက်မှမြေနေရာရှာပေးပြီးမြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းမှတာဝန်ယူတည်ဆောက်မည်ဖြစ်ပါသည်။

ဆောက်လုပ်ရေးအတွက်ကုန်ကျစရိတ်ကိုဘဏ်ချေးငွေရယူရန်ပြည်တွင်းဘဏ်လုပ်ငန်းရှင်များနှင့်ဆွေးနွေးနေကြောင်းသိရသည်။

နှစ်စဉ်အငြိမ်းစားယူသည့်ဝန်ထမ်း ၁၅၀၀၀ ဝန်းကျင်ရှိပြီးယင်းဝန်ထမ်းများနေထိုင်နိုင်ရန်နှစ်စဉ်အိမ်ခန်း၊ တိုက်ခန်း ၁၅၀၀၀ ခန့်ပုံမှန်ဆောက်လုပ်ရန်စီစဉ်မည်ဖြစ်ကြောင်းစီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှသိရသည်။

၂၀၁၇ ခုနှစ်ဧပြီလ ၁ ရက်နေ့မှ ၂၀၂၀ ခုနှစ်မတ်လကုန်အထိသုံးနှစ်အတွင်းပင်စင်ယူမည့်အစိုးရဝန်ထမ်းစာရင်း များကိုကောက်ယူထားပြီးတန်ဖိုးနည်းအိမ်ရာရောင်းချပေးမည်ဖြစ်ပြီး ၂၀၁၇ ခုနှစ်မတ်လ ၃၁ ရက်နေ့မတိုင်မီပင်စင်ယူထားသည့်အစိုးရဝန်ထမ်းများမပါဝင်သေးကြောင်းသိရသည်။

kumudra journal and imyanmarhouse

Public Housing Read 100 times