တန်ဖိုးနည်း၊ တန်ဖိုးသင့်အိမ်ခန်းဝယ်ယူခွင့် တတိယအသုတ်ကို ဦးစားပေးတန်းစီဇယား အလိုက်မဲနှိုက်ရောင်းချမည်


26 September, 2019

ရန်ကုန်တိုင်းဒေသကြီးအိမ်ရာစီမံကိန်းများရောင်းချရေးကြီးကြပ်မှုကော်မတီသို့ တန်ဖိုးနည်း၊ တန်ဖိုးသင့်အိမ်ခန်းဝယ်ယူခွင့်လျှောက်ထားသူစုစုပေါင်း ၆၀၂၇ ဦးအနက် ပထမအသုတ်နှင့်ဒုတိယ အသုတ်တို့တွင် ၁၁၅၃ ဦးကိုဝယ်ယူခွင့်ဦးစားပေးတန်းစီဇယားအမှတ်စဉ်အလိုက်ကြေညာရောင်းချပေးခဲ့ပြီး ဖြစ်ကာ စက်တင်ဘာ ၂၉ ရက်တွင်တတိယအသုတ်အဖြစ် အိမ်ခန်း ၃၀၇ ခန်းကိုဦးစားပေးတန်းစီဇယားအလိုက် အိမ်ခန်းများမဲနှိုက်ရောင်းချမည်ဖြစ်ကြောင်း အိမ်ရာစီမံကိန်းများရောင်းချရေးကြီးကြပ်မှုကော်မတီမှသိရသည်။

 ယခုတတိယအသုတ်တွင်ကျန်လျှောက်ထားသူများအားလုံး ၄၈၇၄ ဦးကိုဝယ်ယူခွင့်ဦးစားပေးတန်းစီဇယား အမှတ်စဉ်အလိုက်ရောင်းချပေးမည်ဖြစ်၍ ဝယ်ယူခွင့်ရရှိသူများသည်အိမ်ရာရွေးချယ်ဆန္ဒပြုခြင်းနှင့်ဝယ်ယူမည့်စနစ် (အကြေသွင်း/ဘဏ်သွင်း) ဆန္ဒပြုခြင်းများကို ၂၀၁၉ ခုနှစ် သြဂုတ်လ ၈ ရက်မှစက်တင်ဘာ ၁၉ ရက်နောက်ဆုံးထား၍ မြို့ပြနှင့်အိမ်ရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံး၊ မြေညီထပ်ရှိ Yangon City Gallery သို့ဆက်သွယ်ဆောင်ရွက်ရန် အသိပေးခဲ့ကြောင်းသိရသည်။

သတ်မှတ်ရက်အတွင်းလာရောက်ဆက်သွယ်ဆန္ဒပြုသူ ၉၃၆ ဦးရှိသည့်အနက်ဦးစားပေးတန်းစီဇယားအမှတ်စဉ်အလိုက် ဝယ်ယူခွင့်လျှောက်ထားသောအိမ်ရာများကို မဲနှိုက်ခွင့်ရရှိသူမှာ ၃၀၇ ဦးသာရှိကြောင်းသိရသည်။

ထို ၃၀၇ ဦးသည်စက်တင်ဘာ ၂၉ ရက် နံနက် ၉ နာရီ ၃၀ မိနစ်အချိန်ခန့်တွင်အိမ်ခန်းအမှတ်မဲနှိုက်ကြရမည်ဖြစ်သည်။

အိမ်ခန်းမဲနှိုက်ပြီးသူများသည်အောက်တိုဘာ ၁၀ ရက်မှ ၃၁ ရက်နောက်ဆုံးထားပြီးဆောက်လုပ်ရေး၊ အိမ်ရာနှင့်အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ်(CHID Bank) နှင့်ဆက်သွယ်၍ငွေပေးခြင်းနှင့်ဘဏ်ချေးငွေ ကိစ္စများကိုဆောက်ရွက်ကြရမည်ဖြစ်သည်။

သတ်မှတ်ကာလအတွင်းဆက်သွယ်ဆောင်ရွက်ခြင်းမပြုပါက ဝယ်ယူခွင့်အလိုအလျောက်ပျက်ပြယ်မည် ဖြစ်သည်။

ယခုတတိယအသုတ်တွင် ဆန္ဒပြုခြင်းမရှိ၍ရောင်းရန်ကျန်သောဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ကနောင်တန်ဖိုးနည်းအိမ်ရာမှ ၂၇ ခန်း၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းတန်ဖိုးနည်းအိမ်ရာမှ ၁၄ ခန်း၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်မှ ၁၅ ခန်း၊နှင့်လှိုင်သာယာမြို့နယ်၊ ထီးလှိုင်ရှင်အိမ်ရာမှ ၁၀ ခန်းစုစုပေါင်းရောင်းရန်ကျန် ၆၆ ခန်းကိုမဲနှိုက်ခွင့်မရရှိသေးသောကျန်ဆန္ဒပြုသူ ၆၂၉ ဦးမှဝယ်ယူလိုပါကရောင်းချပေးမည်ဖြစ်ကြောင်းသိရသည်။

တန်ဖိုးနည်း၊ တန်ဖိုးသင့်အိမ်ရာများဝယ်ယူနိုင်ရန် ကနဦးပေးသွင်းငေါကို တန်ဖိုးနည်းအိမ်ခန်းများအတွက် ၂၀% ၊ တန်ဖိုးသင့်အိမ်ခန်းများအတွက် ၃၀%ပေးသွင်းပြီး အတိုးနှုန်း ၈.၅% ၊ ချေးငွေကာလ ၁၅ နှစ်ဖြင့်ဒုတိယအသုတ်ကိုရောင်းချခဲ့ကြောင်းသိရသည်။

ဇွန် ၄ ရက်က ဒုတိယအသုတ်အဖြစ်တန်ဖိုးနည်းတန်ဖိုးသင့်အိမ်ရာဝယ်ယူထားသူများအား စက်တင်ဘာလကုန်ပိုင်းအတွင်းအိမ်ခန်းများအပ်နှံနိုင်မည်ဖြစ်ကြောင်း မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးပြောကြားချက်အရသိရသည်။

“ဇွန် ၄ ရက်ကရောင်းချတဲ့ဒုတိယအသုတ်အိမ်ခန်းဝယ်ယူခွင့်ရသူများအတွက်လာမည့် စက်တင်ဘာလမကုန်မီအိမ်ခန်း များအပ်နိုင်အောင်လိုအပ်တဲ့အပိုင်းတွေအကုန်ပြင်ဆင်နေပါတယ်။

အိမ်ခန်းဝယ်ယူသူများအနေနဲ့အမြန်ဆုံးအိမ်ပေါ်တက်နေနိုငအောင် ဆောင်ရွက်နေတာဖြစ်တယ်” လို့မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှတာဝန်ရှိသူတစ်ဦးကပြောကြားသည်။

Local Read 39 times