တန်ဖိုးနည်းအိမ်ရာများကို ကျပ်သိန်း ၁၀၀ ဝန်းကျင်ဖြင့် အခြေခံပြည်သူများဝယ်နိုင်ရေး


27 October, 2020

လက်ရှိတည်ဆောက်လျက်ရှိသည့် တန်ဖိုးနည်းအိမ်ရာများကို ကျပ်သိန်း ၁၀၀ ဝန်းကျင်ဖြင့် အခြေခံပြည်သူများဝယ်ယူနိုင်စွမ်းရှိစေရေးအတွက် အခန်းအကျယ်အဝန်း စတုရန်းပေ ၄၀၀ ကိုအခြေခံစံထားကာ တည်ဆောက်လျှက်ရှိကြောင်းသိရသည်။

တိုက်ခန်းတန်ဖိုးကို ကျပ်သိန်း ၁၀၀ ဝန်းကျင်ဖြစ်အောင် အကောင်အထည်ဖော်နေကြောင်းသိရသည်။

ယခင်နေထိုင်မှုပုံစံအရ ၆၀၀ စတုရန်းပေ၊ ၆၅၀၊ ၈၀၀၊ ၉၀၀ စသဖြင့် အမျိုးမျိုးတည်ဆောက်ခဲ့သော်လည်း ယခုချိန်တွင် အခြေခံပြည်သူများဝယ်ယူနိုင်စွမ်းရှိရန် ကျပ်သိန်း ၁၀၀ ဝန်းကျင်ဖြစ်စေရန် အခန်းအကျယ်အဝန်းကိုလည်း အနည်းငယ်ကျဉ်းထားကြောင်းသိရသည်။

ထို့ပြင်လက်ရှိအကောင်အထည်ဖော်နေသည့် တိုက်ခန်းများတွင် တိုက်ခန်းဈေးများမြင့်တက်နေခြင်းနှင့် ပတ်သက်ပြီး တိုက်ခန်းတန်ဖိုးမြင့်တက်လာခြင်းမှာ အလုပ်သမားခများလည်းအချိန်နှင့်အညီ တိုးပေးရခြင်း၊ ဆောက်လုပ်ရေးပစ္စည်းများတွင် အဓိကကျသော သံချောင်း၊ ဘိလပ်မြေစသောပစ္စည်းများကို နိုင်ငံခြားကတင်သွင်းရသောကြောင့်ငွေကြေးလဲလှယ်မှုနှုန်းအရ ဈေးနှုန်းမြင့်မားလာသောကြောင့် တန်ဖိုးမြင့်တက်သွားရခြင်းဖြစ်သည်။

အိမ်ရာစီမံကိန်းတစ်ခုပြည့်စုံစေရန် External Infrastructure လုပ်ပေးရခြင်း၊ လမ်း၊ရေ၊ မီးများနှင့် ပတ်သက်ပြီး ပြည့်စုံအောင်လုပ်ပေးရခြင်းများပြုလုပ်ပေးရပါသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် တစ်နှစ်အတွင်း အိမ်ရာအခန်းပေါင်း ၄၀၀၀ ကိုတည်ဆောက် အကောင်အထည် ဖော်ရန်ပြင်ဆင်လျှက်ရှိကြောင်းသိရသည်။

ထို့ပြင်ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးတွင် လာမည့်နှစ်နှစ်အတွင်း အိမ်ရာယူနစ်ပေါင်း ၈၀၀၀ ကိုအကောင်အထည်ဖော်ရန် ရည်းမှန်ချက်ထား ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

Daily Eleven

Public Housing Read 145 times