အိမ်ခန်းဝယ်ရန် ဆောက်လုပ်ရေးနှင့်အိမ်ရာဖွံ့ဖြိုးရေးဘဏ်တွင် လာစုဆောင်းသူ ပိုများလာ


03 December, 2020

ဆောက်လုပ်ရေးနှင့်အိမ်ရာဖွံ့ဖြိုးရေးဘဏ်၌ တန်ဖိုးနည်းအိမ်ရာ ဝယ်ယူရန် ငွေလာရောက်စုဆောင်းအပ်နှံသူ သုံးသောင်းကျော် ရှိနေပြီ ဖြစ်ကြောင်း အဆိုပါဘဏ်မှသိရသည်။


"အခုအချိန်အထိ ငွေစုဆောင်းသူ သုံးသောင်းကျော်လောက်ရှိနေပြီ။ အိမ်ခန်းဝယ်ဖို့လာစုဆောင်းတဲ့သူ ပိုများလာတယ်"ဟု ဆောက်လုပ်ရေး နှင့်အိမ်ရာဖွံ့ဖြိုးရေးဘဏ်မှတာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

တန်ဖိုးနည်းတိုက်ခန်းဝယ်ယူမည့်သူများ ဆောက်လုပ်ရေးနှင့်အိမ်ရာဖွံ့ဖြိုးရေးဘဏ်တွင် တိုက်ခန်းတန်ဖိုး၏ ရာခိုင်နှုန်း ၂၀ ဖြစ် သည့် ငွေပမာဏစုဆောင်းထားပါက ဝယ်ယူရန် လျှောက်ထားနိုင်ပြီး ယင်းငွေကို ကနဦးပေးချေကာ ကျန်ငွေကို ရှစ်နှစ်မှ ၁ဝ နှစ်အထိ အရစ်ကျငွေပေးချေစနစ်ဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။

ယခုနှစ်လဆန်းပိုင်းတွင် လှိုင်သာယာမြို့နယ်ရှိ ရွှေလင်ပန်းအိမ်ရာ၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်ရှိ ယုဇနအပိုင်း(၁)၊ (၂)နှင့် ကနောင် အိမ်ရာတို့မှ တည်ဆောက်ပြီးစီးခဲ့သည့် တန်ဖိုးနည်းတိုက်ခန်းများကို ရောင်းချပေးမည်ဖြစ်ပြီး ဘဏ်ချေးငွေရယူနိုင်ရန်အတွက် လစဉ်ပေးဆပ် နိုင်စွမ်းရှိသည့် ပုံမှန်ဝင်ငွေရှိသူများကိုသာ ရောင်းချသွားမည်ဖြစ်ကြောင်းသိရသည်။

ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်သည်လက်ရှိ ရန်ကုန်တိုင်း ဒေသကြီးတွင် ဘဏ်ခွဲလေးခု၊ မန္တလေး၊ နေပြည်တော်၊ မော်လမြိုင်နှင့် ပုသိမ်မြို့တို့တွင် ဘဏ်ခွဲတစ်ခုဖွင့်လှစ်ထားသည်။

Local Read 67 times