မော်လမြိုင်-ရန်ကုန် အစုန်/အဆန် ပြေးဆွဲနေသော မီးရထားစက်ခေါင်းများ၊ ရထားတွဲများနှင့် သံလမ်းများ အစားထိုးနိုင်ရန်နှင့် ခေတ်မီအချက်ပြစနစ်များ အသုံးပြုနိုင်ရန် ကြိုးပမ်းအကောင်အထည်ဖော်နေကြောင်း ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထံမှ သိရသည်။
"မြန်မာ့မီးရထားအနေနဲ့က အချက်ပြမီးတွေပြတဲ့နေရာတွေမှာ လူတွေကိုသာ အဓိကအားကိုးပြီး အချက်ပြနေရတာဖြစ်တဲ့အတွက် ခေတ်မီတဲ့အချက်ပြစနစ်တွေကို အသုံးပြုပြီး ဆောင်ရွက်သွားမှာပါ" ဟု ၎င်းက ပြောသည်။
ခေတ်မီအချက်ပြမီးများသာမက ရထားစက်ခေါင်းနှင့် လူစီးတွဲများကိုလည်း အဆင့်မြှင့်တင်နိုင်ရန်အတွက် ၂၀၁၉ ခုနှစ် ဇူလှိုင်လမှ ဒီဇင်ဘာလအတွင်း ဆောင်ရွက်သွားရန်ရှိကြောင်း၊ လူစီးတွဲ ၁၅ တွဲမှ လေးတွဲကို စားသောက်ခန်းအဖြစ် အသုံးပြုမည်ဖြစ်ပြီး ကျန်ရှိနေသည့် လူစီးတွဲ ၁၁ တွဲကို အဆင့်မြှင့်တင်ကာ ပြေးဆွဲနိုင်ရေးနှင့် မော်လမြိုင်-ရန်ကုန် မီးရထားလမ်းချောမွေ့စွာ ပြေးဆွဲနိုင်ရန်အတွက် ပြင်ဆင်ရန်ကျန်ရှိသော ဇင်းကျိုက်မှ မော်လမြိုင်အထိ ရထားလမ်းပိုင်းကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
Source: Myawaddy