ရုံးထဲသို့ မိန်းမတစ်ယောက် အူယားဖားယား ဝင်လာပြီး သူ့အိမ်ဝိုင်းထဲကို အခြားတစ်ဖက်မှ ခြံစည်းရိုး ကျူးကျော်ခတ်လို့ဆိုပြီး မြေတိုင်းပေးဖို့ လာရောက်တောင်းဆိုတာ ကြုံဘူးပါတယ်။
အဲ့ဒါနဲ့ အဲ့လို လွယ်လွယ်နဲ့ မြေတိုင်းပေးလို့ မရတဲ့အကြောင်း လုပ်ထုံးလုပ်နည်း၊ အကိုးအကားတွေနဲ့ တော်တော်ရှင်းပြလိုက်ရပါတယ်။ အရပ်ထဲမှာလည်း ကျွန်တော့်မြေလေး တိုင်းပေးပါအုံး။ ဟိုဘက်က ဦးဖြူက ကျွန်တော့်ဘက်ကို စည်းရိုးတွေ ထိုးချလို့ပါ စသဖြင့် အမျိုးမျိုး ကြုံဘူးကြပါလိမ့်မယ်။
သူတို့ ထင်တာက မြေအားလုံးကို ကျွန်တော်တို့ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန (မြေစာရင်း)ကချည်း စီမံခန့်ခွဲနေတယ်လို့ ထင်ကြတာပါ။ ထင်ရင်လည်း ထင်စရာပါ။ ဒါကို အပြစ်မြင်လို့ မရပါဘူး။ တချို့ဌာနဆိုင်ရာဝန်ထမ်းတွေတောင် အဲ့လို့မျိုးထင်တတ်ကြလို့ပါ။
ရှင်းပြပေးပါမည်။ အဲ့လို မြေအားလုံးကို ကျွန်တော်တို့ ဌာနအနေနဲ့ ခွင့်ပြုချက်မရရှိဘဲ တိုင်းနိုင်တယ်ဆိုရင် မြေတန်ဖိုး သိပ်မကြီးတဲ့ တောမြေတွေ တိုင်းပေးလို့ မှားသွားတာက ကာယကံရှင်တွေအတွက် အကျိုးစီးပွား များစွာ မထိခိုက်သော်လည်း မြို့မြေတွေလို တန်ဖိုးမြင့်တဲ့ မြေကို တိုင်းပေးလို့ မှားသွားရင် ကာယကံရှင်တွေရဲ့ အကျိုးစီးပွား အလွန်ထိခိုက်သွားနိုင်ပါတယ်။ အဲ့တော့ ပြည်သူ့အကျိုးစီးပွားကို ရှေ့ရှုလို့ မြေတစ်ကွက် တိုင်းတာတော့မယ်ဆိုရင် မြေအမျိုးအစားလိုက် ခွင့်ပြုချက် တောင်းခံရပြီး ခွင့်ပြုမှ တိုင်းတာစီမံခန့်ခွဲလို့ ရတယ်ဆိုတာပါပဲ။
ကျွန်တော်တို့နိုင်ငံမှာ လိုအပ်ချက်အရ ဝန်ကြီးဌာနတွေ အများအပြားနဲ့ ဖွဲ့စည်းထားပါတယ်။ အဲ့ဝန်ကြီးဌာနတွေမှာ နိုင်ငံတော်ကိုယ်စား နိုင်ငံတော်က အခွင့်အာဏာပေးအပ်ခံရသူတွေက နိုင်ငံတော်ရဲ့ လုပ်ငန်းတွေကို အကောင်အထည်ဖော် စီမံခန့်ခွဲရတာပါ။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ-၃၇(က)မှာ "နိုင်ငံတော်ရှိ မြေအားလုံး၊ မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက်နှင့် လေထုအတွင်းရှိ သယံဇာတအားလုံး၏ ပင်ရင်းပိုင်ရှင်သည် နိုင်ငံတော် ဖြစ်သည်"လို့ ပြဌာန်းထားတဲ့အတွက် ဝန်ကြီးဌာနတွေရဲ့ မြေတွေကိုလည်း အဲ့ဝန်ကြီးဌာနတွေမှာ နိုင်ငံတော့်ကိုယ်စားခန့်အပ်တာဝန်ပေးထားခြင်း ခံရသူတွေကပဲ သက်ဆိုင်ရာ ဥပဒေများနဲ့ စီမံခန့်ခွဲကြပါတယ်။
ဒါနဲ့ မှတ်စုများကို ပြန်ဖတ်ကြည့်လိုက်တော့-
(၁) လယ်ယာမြေ(လယ်၊ ယာ၊ ကိုင်းကျွန်း၊ ဥယျာဉ်၊ ဓနိ၊ တောင်ယာ စသည်)ဆိုရင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာက လယ်ယာမြေဥပဒေအရ လယ်/စီအဖွဲ့အဆင့်ဆင့်နဲ့ စီမံခန့်ခွဲပါတယ်။
(၂) တောရိုင်း/မြေရိုင်းမြေဆိုရင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာက မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဥပဒေအရ စီမံခန့်ခွဲပါတယ်။
(၃) သစ်တောကြိုးဝိုင်းမြေဆိုရင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက သစ်တောဥပဒေအရ စီမံခန့်ခွဲပါတယ်။
(၄) သတ္တုတွင်းမြေဆိုရင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက မြန်မာ့သတ္တုတွင်းဥပဒေအရ စီမံခန့်ခွဲပါတယ်။
(၅) စားကျက်မြေဆိုရင် အစိုးရအဖွဲ့ရုံးဝန်ကြီးဌာနက မြေခွန်လက်စွဲဥပဒေအရ စီမံခန့်ခွဲပါတယ်။
(၆) မီးရထားမြေဆိုရင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက စီမံခန့်ခွဲပါတယ်။
(၇) လမ်းမြေဆိုရင် ဆောက်လုပ်ရေးဝန်ကြီးဌာနက လမ်းမကြီးများဥပဒေအရ စီမံခန့်ခွဲပါတယ်။
(၈) ဆည်မြောင်း၊ ကန်၊ တာတမံမြေဆိုရင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာက ဆည်မြောင်းဥပဒေအရ စီမံခန့်ခွဲပါတယ်။
(၉) မြ်စ်ချောင်းနှင့်ရေအောက်မြေဆိုရင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဥပဒေအရ စီမံခန့်ခွဲပါတယ်။
(၁၀) အင်းအိုင်မြေဆိုရင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာက ရေချိုငါးလုပ်ငန်းဥပဒေအရ စီမံခန့်ခွဲပါတယ်။
(၁၁) စက်ရုံမြေဆိုရင် သက်ဆိုင်ရာ ဝန်ကြီးဌာက သက်ဆိုင်ရာ မြေစီမံခန့်ခွဲမှု ဥပဒေအရ စီမံခန့်ခွဲပါတယ်။
(၁၂) မြို့မြေဆိုရင် အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန/စည်ပင်သာယာရေးကော်မတီက မြို့နှင့် ကျေးရွားများဥပဒေ၊ စည်ပင်သာယာရေးအဖွဲ့ဥပဒေအရ စီမံခန့်ခွဲပါတယ်။
(၁၃) ရွာမြေဆိုရင် အစိုးရအဖွဲ့ရုံးဝန်ကြီးဌာနက မြို့နှင့် ကျေးရွားများဥပဒေအရ စီမံခန့်ခွဲပါတယ်။
(၁၄) လေယာဉ်ပျံကွင်းမြေဆိုရင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက မြန်မာ့အမျိုးသားလေကြောင်းဥပဒေအရ စီမံခန့်ခွဲပါတယ်။
(၁၅) သာသနာ၊ သုဿန်၊ အခြားအဆောက်အဦးမြေဆိုရင် အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန/စည်ပင်သာယာရေးကော်မတီက သက်ဆိုင်ရာမြေစီမံခန့်ခွဲမှုဥပဒေအရ စီမံခန့်ခွဲပါတယ်။
(၁၆) အမျိုးအစားခွဲခြားခြင်းမပြုနိုင်သောမြေဆိုရင် အစိုးရအဖွဲ့ရုံးဝန်ကြီးဌာနက စီမံခန့်ခွဲပါတယ်။
အဲ့လောက်ဆိုရင်တော့ မြေအားလုံးကို ကျွန်တော်တို့ဌာနကချည်း စီမံခန့်ခွဲနေတာ မဟုတ်ဘဲ မြေအမျိုးအစားလိုက် သက်ဆိုင်ရာဝန်ကြီးဌာနတွေက သက်ဆိုင်ရာဥပဒေများအရ စီမံခန့်ခွဲနေပါတယ်ဆိုတဲ့အကြောင်း ရေးသားလိုက်ပါရစေ။