Mandalay Dry Port


26 October, 2020

Mandalay Dry Port စီမံကိန်းမှာ မြစ်ငယ်ဘူတာအနီး မြေဧက ၇၅ တွင်တည်ဆောက်မည့် ဒေါ်လာသန်း ၄၀ ခန့် ကုန်ကျမည်ဖြစ်သော ကုန်းတွင်းဆိပ်ကမ်း ဖြစ်ပါသည်။

 ထိုကုန်းတွင်းဆိပ်ကမ်းသည် အမရပူရမြို့နယ်၊ မြစ်ငယ်မြစ်နှင့် မြစ်ငယ်ရထားဘူတာကြား  ရန်ကုန်-မန္တလေးကားလမ်းမကြီး နှင့် ကပ်လျက်နေရာတွင် တည်ဆောက်မည်။

တင်ဒါ

ရထားပို့ဆောင်ရေးဝန်ကြီးဌာနလက်အောက်မှ မြန်မာ့မီးရထားသည် ထိုကုန်းတွင်းဆိပ်ကမ်းများ လုပ်ဆောင်ရန်အတွက် ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စတင်စီမံကိန်းရေးဆွဲခဲ့ပါသည်။

ကုန်းတွင်းဆိပ်ကမ်းဆိုသည်မှာ ဆိပ်ကမ်းတစ်ခုသဖွယ် ကုန်တင်၊ ကုန်ချ facilities များ အပြည့်အစုံရှိပြီး မီးရထားလမ်းဖြင့် အဓိကဆက်နွှယ်ထားသည့် ဆိပ်ကမ်းများဖြစ်သည်။

လျာထားသည့်နေရာများအနက် ရန်ကုန်မှ ရွာသားကြီးဘူတာနား အနီးနှင့် မန္တလေးမှ မြစ်ငယ်ဘူတာအနီးကို စတင်၍ ၂၀၁၄ ခုနှစ်၊ ဧပြီလတွင်  စိတ်ဝင်စားမှု ဖော်ပြလွှာ (EOI) ကို စတင်ခေါ်ယူခဲ့ပါသည်။

ထို့နောက် နိုဝင်ဘာလတွင် ထိုလျှောက်လွှာများမှအနက် ဆက်လက်တင်ဒါခေါ်ယူခဲ့ရာ ကုမ္ပဏီးငါးခုကို နောက်ဆုံးအဆင့်ရွေးချယ်ရန် လျာထားခဲ့ပါသည်။

၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလတွင် မြန်မာနိုင်ငံမှ ကုမ္ပဏီတစ်ခုနှင့် ဟောင်ကောင်မှ ကုမ္ပဏီတစ်ခုကို ရန်ကုန်နှင့်မန္တလေးမှ ကုန်းတွင်းဆိပ်ကမ်းနှစ်ခု လုပ်ဆောင်ရန် အပြီးသတ်ရွေးချယ်ခဲ့ပါသည်။

ထိုတင်ဒါနှင့်ပတ်သက်၍ ဥပဒေပိုင်းဆိုင်ရာများကို ဗီယက်နမ်နိုင်ငံမှ VDB Loi မှ လုပ်ဆောင်ပေးခဲ့သည်ဟု ဆိုသည်။

ရင်းနှီးမြှပ်နှံမှု

ထိုကုမ္ပဏီတို့မှာ မြန်မာနိုင်ငံမှ Resources Group Logistics Myanmar နှင့် ဟောင်ကောင်မှ Kerry Logistics Network တို့ဖြစ်ပြီး BOT စနစ် နှစ် ၅၀ သက်တမ်းတိုးခွင့် နှစ် ၂၀ စာချုပ်ဖြင့် လုပ်ဆောင်ရမည်ဖြစ်သည်။

မြေကွက်ဧက ၇၅ ရှိသည်ကို Resources Group မှ အကွက် A ဖြစ်သော ဧက ၃၂၊ Kerry Logistics မှအကွက် B ဧက ၄၃ လုပ်ပိုင်ခွင့်ရမည်ဖြစ်သည်။ ထို့နောက် Kerry Logistics မှ တရုတ်ကုမ္ပဏီဖြစ်သည့် China Communications Constructions ကိုလည်း အကြံပေးအဖြစ် ငှားရမ်းမည်ဟု သိရသည်။

ထိုပုဂ္ဂလိက ကုမ္ပဏီများသည် တစ်ဧကကို ဒေါ်လာ ၂၆၂၄၇ ပရီမီယံကြေးပေးဆောင်ရမည်ဖြစ်ပြီး မြေငှားခအတွက် တစ်နှစ်ကို တစ်ဧကလျှင် ဒေါ်လာ ၅၅၀၀ ပေးဆောင်ရမည်ဖြစ်သည်။

Kerry Logistics သည် ရန်ကုန်၊ မန္တလေးပေါင်းနှစ်ခုလုံးပေါ်တွင် ဒေါ်လာသန်း ၄၀ ရင်းနှီးမြှပ်နှံမှုဖြစ်သည်။ ပထမအဆင့် ၁၅နှစ် အတွက် ဒေါ်လာ ၂၀ သန်း ရင်းနှီးမြှပ်နှံမည်ဖြစ်ပြီး ကျန်သည့် ပမာဏကို နောင်လာမည့်နှစ်များတွင် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သည်။

Resources Group သည် ရန်ကုန်၊ မန္တလေးနှစ်ခုပေါင်း အတွက် ဒေါ်လာသန်း ၃၉ သန်း ရင်းနှီးမြှပ်နှံမှုဖြစ်ပြီး ပထမအဆင့်အတွက် ဒေါ်လာသန်း ၂၆ သန်း ရင်းနှီးမြှပ်နှံမှုဖြစ်သည်။

ထိုကုန်းတွင်းဆိပ်ကမ်းများကို ၂၀၁၆ ခုနှစ်၊ ဇူလိုင်လတွင် စတင်တည်ဆောက်ပြီး ၂၀၁၈ ခုနှစ်၊ ဇွန်လတွင် အပြီးတည်ဆောက်ရန် လျာထားသည်။ ၂၀၁၇ ခုနှစ် တွင်လည်း တစ်ပိုင်းတစ်စ စတင်အသုံးပြုနိုင်ရန် စီစဉ်ထားသည်။ 

ရန်ကုန်မြို့နှင့်မန္တလေးအပြင် ကုန်းတွင်းဆိပ်ကမ်းများကို ပဲခူး၊ မော်လမြိုင်၊ မုံရွာ၊ ပြည်၊ တမူးနှင့် မူဆယ်တို့တွင် နောက်ငါးနှစ်အတွင် ဆက်လက်ဆည်ဆောက်သွားမည်ဟု ဆိုသည်။

နောက်ခံသမိုင်းကြောင်း

အဆိုပါ ကုန်းတွင်းဆိပ်ကမ်းတည်ဆောက်ရေးကို ကုလသမဂ္ဂအဖွဲ့အစည်းတစ်ခုဖြစ်သည့် UN ESCAP မှ ၂၀၁၂ ခုနှစ်တွင် မြန်မာနိုင်ငံအစိုးရအား လုပ်ဆောင်ရန် ကမ်းလှမ်းခဲ့ပါသည်။

ဤကုန်းတွင်းဆိပ်ကမ်း စီမံကိန်းများမှာ UNESCAP မှ ဦးဆောင်လုပ်ပြီး အပြည်ပြည်ဆိုင်ရာ ကုန်းတွင်းဆိပ်ကမ်းများဆိုင်ရာ သဘောတူစာချုပ်ကို မြန်မာနိုင်ငံမှ ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလတွင် ရေးထိုးခဲ့ပါသည်။

ထိုစာချုပ်တွင် တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ သီရိလင်္ကာ၊ ရုရှား၊ နိပေါ၊ ဖိလစ်ပိုင် စသည့်နိုင်ငံများအပါအဝင် စုစုပေါင်း နိုင်ငံ ၁၇ နိုင်ငံ ရေးထိုးထားသည့် သဘောတူစာချုပ်ဖြစ်ပြီး အာရှအဝေးပြေးလမ်းမကြီးနှင့် အာရှရထားလမ်းမကြီး သဘောတူညီမှုအစီအစဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ 

ထို့ကြောင့်လည်း မြန်မာနိုင်ငံမှ ကုန်းတွင်းဆိပ်ကမ်းမှတစ်ဆင့် တင်ပို့သည့်ကုန်များသည် စာချုပ်ထဲတွင်ပါသည့် နိုင်ငံများတွင် တိုက်ရိုက်ပို့ဆောင်ခွင့်ရရှိမည်ဖြစ်သည်။

 

This article is an original writing of Myanmar Builders Guide based on information sourced from Myanma Railways documents, Myanmar Times, Myanmar International TV and The Trade Times

Infrastructure and Zones Read 68 times