အဆင့်မြှင့်တင်သွားမည့် မန္တလေး-မြစ်ကြီးနား ရထားလမ်းပိုင်းရှိ အဆိုးရွားဆုံးလမ်းပိုင်း နှစ်ပိုင်း


10 December, 2020

မန္တလေး-မြစ်ကြီးနား ရထားလမ်းပိုင်းရှိ အဆိုးရွားဆုံးလမ်းပိုင်း နှစ်ပိုင်း လမ်းမိုင်အားဖြင့် ၃၃ မိုင်ခန့်ရှိသည့် လမ်းပိုင်းကို ကိုရီးယားချေးငွေ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ဖြင့် ရထားလမ်းအဆင့်မြှင့်တင်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားလုပ်ငန်းမှ သိရသည်။

  တောင်ပေါ်ဒေသဖြစ်ပြီး မတော်တဆမှုများလည်း အဖြစ်များသည့် အဆိုးရွားဆုံးလမ်းပိုင်းနှစ်ခုဖြစ်သော ဂျိုးတောင်-မဲဇာလမ်းပိုင်းနှင့် မော်ဟန်-ကာဒူ လမ်းပိုင်းတို့မှာ စုစုပေါင်းလမ်းမိုင် ၃၃ မိုင်ခန့်ရှိကာ အဆိုပါ လမ်းပိုင်းနှစ်ပိုင်းကို ကိုရီးယားနိုင်ငံချေးငွေ အမေရိ ကန်ဒေါ်လာ သန်း ၁၀၀ ဖြင့် အဆင့်မြှင့်တင်မှုများ ဆောင်ရွက်သွားရန် ညှိနှိုင်းပြီးဖြစ်ကြောင်း၊ ဖြစ်နိုင်ခြေများလေ့လာသည့် အစီရင်ခံစာများလည်း တင်ပြပြီးဖြစ်ကာ အသေးစိတ်တိုင်းတာစစ်ဆေးမှုများ မကြာမီ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 မြန်မာ့မီးရထားလုပ်ငန်းမှာ လက်ရှိတွင် ရန်ကုန်-မန္တလေးလမ်းပိုင်း၊ မန္တလေး-မြစ်ကြီးနားလမ်းပိုင်း၊ ရန်ကုန်-ပဲခူး-မော်လမြိုင်လမ်းပိုင်းတို့ကို နိုင်ငံတကာချေးငွေများ၊ ပြည်ထောင်စုရန်ပုံငွေများဖြင့် အသီးသီးအဆင့်မြှင့်တင်မှုများ ဆောင်ရွက်လျက်ရှိပြီး ယခု မန္တလေး-မြစ် ကြီးနားလမ်းပိုင်းမှ ကိုရိးယားချေးငွေဖြင့် ဆောင်ရွက်မည့်လမ်းပိုင်းနှစ်ခုအပြင် ကျန်လမ်းပိုင်းများကိုလည်း အစိုးရရန်ပုံငွေဖြင့် အဆင့်မြင့်တင်မှုများ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။

" ဒီမန္တလေး-မြစ်ကြီးနား ရထားလမ်းပိုင်း အဆင့်မြှင့်တင်တဲ့လုပ်ငန်းမှာ ၃၉ ပေ သံ လမ်းတွေကို ကိုးချောင်းစီဆက်ပြီးလဲမယ်။ ပြီးတော့ ဇလီဖားတွေ စနစ်မမှန်တာတွေ၊ အရေအတွက်၊ အကွာအဝေးမမှန်တာတွေလဲထုတ်သွားမယ်။ 

ပြီးရင် ရထားလမ်းရဲ့ အသက်တစ်ခုဖြစ်တဲ့ ကျောက်ပေါ့။ ကျောက်က အရင်က ရှားပါးတဲ့အတွက် ကျောက်နည်းတော့ ရထားက မငြိမ်ဘူးပေါ့။ အခုကျောက်ဆို သတ်မှတ်တဲ့ စံချိန်စံညွှန်းနဲ့အညီ ထုအတိုင်းထည့်မယ်။ ရထားလမ်းကိုလည်း စက်အားကူ ပြုပြင်တဲ့စနစ်နဲ့ လုပ်မယ်။ မနှစ်ကဆို မိုင်၈၀ လုပ်ပြီးပြီ။ ဒီနှစ် မိုင် ၁၀၀ ရအောင်လုပ်မယ်။ 

အခုကိုရီးယား ချေးငွေနဲ့လုပ်မယ့် လမ်းပိုင်းနှစ်ခုအပြင် ကျန်တဲ့ လမ်းပိုင်းတွေကို ပြီးအောင်လုပ်မယ်။ ရှေ့နှစ်ဆို ဒီဆိုးတဲ့လမ်းပိုင်းနှစ်ခုလည်း လုပ်နေပြီဆိုတော့ မန္တလေး-မြစ်ကြီးနားလမ်းပိုင်းက ၂၀၂၁-၂၀၂၂ လောက်ဆိုရင် အားလုံးပြီးသွားပါမယ်" ဟု မြန်မာ့ မိးရထားလုပ်ငန်းမှ အထွေထွေမန်နေဂျာ ဦးမောင်မောင် သွယ်က ပြောသည်။

Region Read 69 times