Mandalay-Tada U Meteorological Radar Camp ကို မန္တလေးတံတားဦ လေဆိပ်ဧရိယာနားတွင် တည်ဆောက်လျှက် ရှိကြောင်းသိရသည်။
ယင်းစီမံကိန်းကို ဂျပန်နိုင်ငံမှတည်ဆောက်ပေးခြင်းဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနမှ သိရသည်။
ယင်းစီမံကိန်းကို ၂၀၁၅ ခုနှစ် သြဂုတ်လတွင် စတင်တည်ဆောက်ခဲ့ပြီး ၂၀၁၇ ခုနှစ် မေလတွင် အပြီးသတ်ဆောက်လုပ်နိုင်မည်ဟု လျာထားခြင်းဖြစ်သည်။
အထပ်ပေါင်း ၁၅ ထပ်ပါဝင်တည်ဆောက်မည်ဖြစ်ပြီး လက်ရှိအချိန်တွင် အထပ်ပေါင်း ၁၁ ထပ်အထိ ပြီးစီးနေပြီဖြစ်ကြောင်းသိရသည်။
ထိုစီမံကိန်းမှ မိုးလေဝသရေဒါများသည် ကီလိုမီတာ ၄၀၀ အကွာအဝေးရှိ တိမ်ဖြစ်ထွန်းမှုအခြေအနေများကို အမျိုးအစားခွဲခြင်း၊ မိုးရွာသွန်းမှုကို ကြိုတင်သိရှိနိုင်ခြင်း၊ တိမ်များရွေ့လျားမှုနှင့် ဘင်္ဂလားပင်လယ်အော်ရှိ မုန်တိုင်းများကို ထောက်လှမ်းသိနိုင်ခြင်း၊ တိမ်အမြင့်နှင့် တိမ်အထူအပါးခွဲခြားခြင်းတို့ကို လေ့လာ သိရှိနိုင်မည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် ကျရောက်သောမုန်တိုင်းများဒဏ်မှ ကြိုတင်ကာကွယ်နိုင်ရန် ဂျပန်နိုင်ငံမှ မိုးလေဝသရေဒါ သုံးလုံးကို မန္တလေးမြို့၊ ရန်ကုန်မြို့ နှင့် ကျောက်ဖြူမြို့များတွင် တည်ဆောက်ပေးမည်ဖြစ်ကြောင်းသိရသည်။
ထိုစီမံကိန်းကို ပြည်နယ်နှင့် တိုင်းဒေသကြီး များရှိ မြို့ပေါင်း ၃၀ ခန့်တွင် မိုးလေဝသရေဒါများတပ်ဆင်ပေးမည် ဟုသိရသည်။
ယင်းစီမံကိန်းများအတွက် ခန့်မှန်းတန်ဖိုး အမေရိကန်ဒေါ်လာ သန်း ၄၀ ခန့်ကုန်ကျမည်ဟု ခန့်မှန်းထားကြောင်းသိရသည်။