မာန်အောင်လေယာဉ်ကွင်းတိုးချဲ့ရေးလုပ်ငန်းများ တိုးတက်လာနေသည့်အတွက်၊ ရခိုင်ဒေသတွင် သဘာဝအခြေခံသော ခရီးသွားလုပ်ငန်းများကဏ္ဍ၌ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုပြပွဲအခမ်းအနားမှ သိရသည်။
ရခိုင်ပြည်နယ်အတွင်းရှိ မာန်အောင်ကျွန်းသည် မြန်မာနိုင်ငံတွင် ဒုတိယအကြီးဆုံးကျွန်းဖြစ်သည်။ ချိုဗာကျွန်း (Cheduba Island) ဟုလည်း လူသိများသည့်ကျွန်းတစ်ကျွန်းဖြစ်ကြောင်း သိရသည်။
အဆိုပါကျွန်းသည် ဘင်္ဂလားပင်လယ်အော်တွင် တည်ရှိပြီး ရမ်းဗြဲကျွန်းနှင့်နီးကပ်သည့် ကျွန်းဖြစ်သည်။ ကျွန်းပတ်လည်မှာ ၅၅ မိုင်ခန့်ရှိပြီး ကျွန်း၏စုစုပေါင်းဧရိယာမှာ ၂၀၂ ဒသ ၁၅ စတုရန်းမိုင်ရှိသည်။
မာန်အောင်ကျွန်းသည် ထူးခြားသည့် ရေမျက်နှာလွင်ပြင်များနှင့် သန့်ရှင်းပြီး ရှည်လျားသောပင်လယ်ကမ်းများရှိသော ကျွန်းဖြစ်သဖြင့် ဘာဝအခြေခံသော ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရန်အတွက် အလားအလာကောင်းများရှိကြောင်း သိရသည်။
ရခိုင်ပြည်နယ်အတွင်း လာရောက်ရနှီးမြှုပ်နှံရန် အဓိကဆောင်ရွက်လျက်ရှိသည့် စင်ကာပူ၊ ကိုရီးယား၊ တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အနက် လက်ရှိတွင် စင်ကာပူက အများဆုံး လာရောက်ရင်းနှီးမြှုပ်နှံထားခြင်းဖြစ်ကြောင်း သိရသည်။
“နိုင်ငံအလိုက် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေအတွက်ကတော့ စင်ကာပူနိုင်ငံကနေ အများဆုံးလာရောက်ပြီးတော့ ရင်းနှီးမြှုပ်နှံထားတာတွေ့ရပါတယ်” ဟု ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ပြောကြားသည်။
ရခိုင်ပြည်နယ်အတွင်းသို့ ဝင်ရောက်ထားသည့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများကို နှိုင်းယှဉ်ပါက စွမ်းအင်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုအများဆုံးဝင်ရောက်ထားခြင်းဖြစ်ကြောင်း၊ ဟိုတယ်နှင့်ခရီးသွားကဏ္ဍတွင်မူမြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုဖြင့် အများဆုံးဝင်ရောက်ထားခြင်းဖြစ် ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။