ပြည်တွင်းတွင် CKD ၊ SKD စနစ်ဖြင့် မော်တော်ယာဉ်ထုတ်လုပ်တပ်ဆင်နေသော စက်ရုံများကို သုံးလတစ်ကြိမ် စစ်ဆေးမှုများပြုလုပ်ပြီး သတ်မှတ်ချက်နှင့်အညီ ထုတ်လုပ်ခြင်းမရှိသည့်ကုမ္ပဏီကို ထုတ်လုပ်ခွင့်လိုင်စင် ပိတ်သိမ်းခြင်းဖြင့်
အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း သိရပါသည်။
ယခုနှစ်တွင် ဇွန်လကုန်အထိ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ SKD ၊ CKD စနစ်ဖြင့် ကားထုတ်လုပ်တပ်ဆင်ခွင့်အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ ခုနှစ်ခုနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ ခြောက်ခုကို ခွင့်ပြုထားကြောင်း သိရပါသည်။
၎င်းကုမ္ပဏီများထဲမှ SKD 1 ဖြင့် ထုတ်လုပ်သော ကုမ္ပဏီအချို့ကို ကုန်ကြမ်းသုံးနှစ်၊ သို့မဟုတ် သတ်မှတ်အစီးရေအထိ ထုတ်လုပ်ပြီးပါက SKD 2 စနစ် ပြောင်းလဲ ထုတ်လုပ်ရန် အသိပေးထားကြောင်း သိရပါသည်။
ပြည်တွင်းတွင် မော်တော်ယာဉ် တပ်ဆင်ထုတ်လုပ်နေသော ကုမ္ပဏီတွေကို သုံးလတစ်ကြိမ် စစ်ဆေးမှာဖြစ်ကြောင်း၊ သတ်မှတ်ချက်နဲ့ ကွဲလွဲနေသော ကုမ္ပဏီများကို ထုတ်လုပ်ခွင့် ရပ်ဆိုင်းခဲ့တာတွေမရှိပေမဲ့ နောက်ပိုင်းတွင် လွဲမှားမှုများရှိခဲ့လျှင်
ထုတ်လုပ်ခွင့်လိုင်စင် ပိတ်သိမ်းသွားမှာဖြစ်ကြောင်း၊ SKD 1 နဲ့ ထုတ်လုပ်ခွင့်သက်တမ်းကျန်ရှိနေသေးတဲ့ ကုမ္ပဏီတွေကို ကုန်ကြမ်းပစ္စည်း သုံးနှစ်၊ သို့မဟုတ် အစီးရေ သတ်မှတ်ချက်ပြည့်ရင် SKD 2 နဲ့ ပြောင်းလဲထုတ်လုပ်ဖို့အတွက် အသိပေးထားကြောင်းမြန်မာနိုင်ငံ ရင် းနှီးမြှုပ်နှံမှုကော်မရှင်မှ တာဝန်ရှိသူတစ်ဦးက ပြောခဲ့ပါသည်။
မြန်မာနိုင်ငံတွင် မော်တော်ယာဉ် တပ်ဆင်ထုတ်လုပ်သည့် ကုမ္ပဏီ ၁၃ ခုရှိပြီး Super Seven Stars Motor Industry Co.,Ltd.(KIA) ၊ Dynamic Industry Co.,Ltd.(KIA) ၊ Capital Motor Co.,Ltd(Ford) ၊ Global Heavy Industry Manufacturing Co.,Ltd (Cherry) ၊
Suzuki Myanmar Motor Co.,Ltd(Suzuki) ၊ Tan Chong Motor Co.,Ltd(Lifan) ၊ The First Automotive Co.,Ltd(Isuzu Pick-up) ၊ Myanmar Economic Holding Co.,Ltd (Yutong Bus) ၊ Khaing Khaing Sanda Group Ltd (Faw) ၊
Shwe Daehan Motors Company Limited (Hyundai) ၊ Gold AYA Motors Intertional Group Company Limited နှင့် Precision Auto Engineering Company Limited တို့ဖြစ်ကြောင်း သိရပါသည်။