မော်တင်စွန်းဘုရား အနီးတွင်ဆောက်လုပ်နေသော ဟိုတယ်ဇုန်စီမံကိန်း


06 December, 2020

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတော မြို့နယ်ရှိ မော်တင်စွန်းဘုရား အနီးတွင်ဆောက်လုပ်နေသော ဟိုတယ်ဇုန်စီမံကိန်းကို စီးပွားရေးလုပ်ငန်းရှင် ဇေကမ္ဘာ ဦးခင်ရွှေ ဦးဆောင်၍ တဦးတည်း ဆောင်ရွက်မည်မဟုတ်ဘဲ အများပိုင်ကုမ္ပဏီအဖြစ် ဆောင်ရွက်ရန် ခွင့်ပြုထားကြောင်း ဧရာဝတီတိုင်း ဝန်ကြီးချုပ် ဦးလှမိုးအောင်က ပြောသည်။

ဖြေကြားချက်
********
           ၎င်းက “ကျနော်တို့ပဲ ဦးဆောင်ပြီးတော့ ဒါလုပ်ပါတယ်။ ဇေကမ္ဘာ ဦးဆောင်ပြီးတော့ လက်ဝါးကြီး အုပ်ပြီး လုပ်တာမဟုတ်ပါဘူး။ ဘုရားနဲ့ ပတ်သက်ပြီး အာရုံအတော်ရှိတဲ့ နေရာဖြစ်တဲ့အတွက် ဒါကို သူကအရင်ဆုံး စလုပ်ခြင်းဖြစ်ပါတယ်။ကျနော်တို့ ရည်ရွယ်တာကတော့ Beach တွေ ဟိုတယ်တွေ ဖွံ့ဖြိုးတိုးတက်ရမယ်။ မိုးတွင်းဆိုလည်း သင်္ဘောနဲ့ သွားနိုင်မယ်။ သင်္ဘောအပေါ်ဖျော်ဖြေမှုတွေနဲ့ ဆိုရင် အဆင်ပြေမယ်” ဟု နေပြည်တော်ရှိ MICC -2 တွင် ကျင်းပသည့် အမျိုးသား မြေအသုံးချမှုမူဝါဒဆိုင်ရာဖိုရမ် အပြီးတွင် မီဒီယာများ၏မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ရှင်းပြ
****
            ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အရင်းအနှီးလိုအပ်ပါက ဇေကမ္ဘာ ကုမ္ပဏီမှ ထုတ်ချေးသွားမည်ဖြစ်ကြောင်း၊ ယင်းကုမ္ပဏီတခုထဲ ဦးဆောင်၍ ဆောင်ရွက်မည်မဟုတ်ဘဲ အများပိုင် ကုမ္ပဏီအနေဖြင့်သာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အစိုးရအနေဖြင့် မည်သူဘဲ လုပ်လုပ် တိုင်းပြည်ဖွံ့ဖြိုးရန်အတွက် စိုက်ပျိုးရေးဇုန်များ၊ စက်မှုဇုန်များ၊ ကမ်းခြေများ ၊ ဟိုတယ်ဇုန်များ ဖွံ့ဖြိုးတိုးတက်ပါက ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်လမ်းများရခြင်း၊ နိုင်ငံခြားဝင်ငွေရရှိရန် ရည်ရွယ်ကြောင်း ဝန်ကြီးချုပ်ဦးလှမိုးအောင်က ရှင်းပြသည်။

မြေယာသိမ်းဆည်းပစ်ခြင်းမဟုတ်
********************
          လက်ရှိတွင် ယင်းဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေးဇုန်များ၊ စက်မှုဇုန်များ၊ ဟိုတယ်များ၊ကမ်းခြေများ ဖော်ဆောင်နိုင်ရေး ကနဦးလေ့လာဆန်းစစ်မှုများပြုလုပ်ရန် တိုင်းဒေသကြီးအစိုးရမှခွင့်ပြု ထားပြီဖြစ်ကြောင်း ၊ ယင်းဒေသတွင်မြေတိုင်းတာမှုများကို တိုင်းဒေသကြီး အစိုးရမှ မြေစာရင်းအားစစ်ဆေးခိုင်းခြင်းဖြစ်ပြီး မြေယာသိမ်းဆည်းပစ်ခြင်းမဟုတ်ကြောင်း သိရသည်။

အများပိုင်ကုမ္ပဏီ
**********
            ဇေကမ္ဘာ ကုမ္ပဏီမန်နေဂျာ ဦးဝေဖြိုးလွင်က “ ဖွံ့ဖြိုးတိုးတက်ဖို့ အတွက် ဟိုတယ်ဇုန်လုပ်မယ်၊ ကျနော်တို့ ဇေကမ္ဘာ ကုမ္ပဏီကနေပြီးတော့ မ တည်ပေးမယ်။ ပြီးရင် ဧရာဝတီတိုင်းမှာရှိတဲ့ ကြိုက်တဲ့သူ အကုန်လုံး ဘယ်သူမဆို လာရောက်ပြီး အများပိုင်ကုမ္ပဏီအနေနဲ့ လုပ်လို့ရပါတယ်” ဟုပြောသည်။

စီစဉ်ထား
******
           ဧရာဝတီတိုင်းဒေသအတွင်း မော်တင်စွန်းကမ်းခြေဖွံ့ဖြိုးရေးဇုန်ဟု သတ်မှတ်ထားကြောင်း၊ ၂၀၁၈ ခုနှစ် နှစ်ဆန်းပိုင်းမှစ၍ စီမံကိန်း ဆောက်လုပ်မည့်နေရာတွင် တိုင်းအဆင့် အခြေခံလေ့လာဆန်းစစ်မှုများပြုလုပ်လျက်ရှိကြောင်း ၇ မိုင်ကျော်ရှိသည့် ကမ်းခြေတွင် ဘုရားဖူးများ ရာသီမရွေး လာရောက်နိုင်ရန် စီစဉ်ထားကြောင်း ပြောသည်။

ယင်းဒေသအား ဖွံ့ဖြိုးတိုးတက်စေလိုသော တိုင်းအစိုးရ၏ ဆန္ဒကြောင့် ဇေကမ္ဘာကုမ္ပဏီမှ ဦးခင်ရွှေမှ ပဏာမပြုလုပ်ပေးခြင်းဖြစ်ပြီး လက်တွေ့တွင် အများပိုင်အဖြစ်လုပ်ဆောင်ရန် ဒေသတွင်းရှိ ကုမ္ပဏီများနှင့်ဆောင်ရွက်ရန်ပြောဆိုခဲ့ကြောင်း ၊အစိုးရအဖွဲ့ထံတွင်လည်း တရားဝင် ရှင်းလင်းပြောကြားထားကြောင်းသိရသည်။

မော်တင်စွန်းစေတီတော်မြတ်ကြီး
********************
            မြန်မာနိုင်ငံ၏ အထင်ကရ စေတီတော်တဆူဖြစ်သည့် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတော မြို့နယ်ရှိ ဆံတော်ရှင်မြတ် မော်တင်စွန်းစေတီတော်မြတ်ကြီးအား လုံးတော်ပြည့်စတီးသင်္ကန်းကပ်လှူခြင်း၊ စိန်ဖူးတော်၊ ရွှေထီးတော်၊ ငှက်မြတ်နားတော်အသစ်များ ကပ်လှူပူဇော်ပွဲကို ကျင်းပခဲ့ရာ ကျိုက်ထီးဆောင်း ဆရာတော် ဘဒ္ဒန္တ နာဂဒီပ၊ တိပိဋ္ဋကဆရာတော်များနှင့် မော်တင်စွန်း ဆရာတော်တို့အပါအဝင် သာသနာရေးနှင့် ယဉ်ကျေးမှုဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ဧရာဝတီတိုင်း ဝန်ကြီးချုပ် ဦးလှ မိုးအောင်၊ လွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင် အပါအဝင် အလှူရှင်များ တက်ရောက်ခဲ့သည်ဟုလည်းသိရသည်။

Region Read 84 times