မန္တလေးမြို့ ဧရာဝတီမြစ်ကမ်းရှိ မရမ်းခြံဆိပ်ကမ်းအား အဆင်မြှင့်တင်ဆောင်ရွက်သွားမည်


17 December, 2020

မန္တလေးမြို့ ဧရာဝတီမြစ်ကမ်းရှိ မရမ်းခြံဆိပ်ကမ်း အဆင့်မြင့်တင်ရေးစီမံကိန်းကို ဆောင်ရွက်သွားမည်ဖြစ်ပြီး လက်ရှိ၌ ဆိပ်ကမ်းရှိ လုပ်ငန်းများအား ပြောင်းရွှေ့နေရာချထားခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း ဆိပ်ကမ်းနေရာချထားရေးလုပ်ငန်းကော်မတီဥက္ကဌ ဦးဇော်ဇော်အောင်က ပြောကြားခဲ့သည်။


“ဆိပ်ကမ်းအဆင့်မြင့်တင်ရေးနဲ့ပတ်သက်ပြီး ကျွန်တော်တို့က စီမံချက်ရေးဆွဲထားပြီး အဲ့ဒီစီမံချက်အတိုင်းဘဲ ဆောင်ရွက်သွားမှာပါ၊ ကနဦးအနေနဲ့ ဆိပ်ကမ်းမှာရှိတဲ့ လုပ်ငန်းတွေကို အခြားကိုရွှေ့ပြောင်းပြီးမှ အဆင့်မြင့်တင်တဲ့ကော်မတီက ဆက်ပြီးဆောင်ရွက်မှာပါ”ဟု ဦးဇော်ဇော်အောင်ကဆိုသည်။


မရမ်းခြံဆပ်ကမ်း အဆင့်မြင့်တင်ရေးစီမံကိန်းသည် နိုင်ငံတော်၏ စီမံကိန်းတစ်ခုဖြစ်ပြီး လက်ရှိအနေဖြင့် အဆိုပါနေရာရှိ လုပ်ငန်းများအား ရွှေ့ပြောင်းရေးနှင့် ပြန်လည်နေရာချခြင်းကို ဆောင်ရွက်လျက်ရှိကြောင်း ဆိပ်ကမ်းနေရာချထားရေးလုပ်ငန်းကော်မတီမှတစ်ဆင့် သိရှိရပါတယ်။


လက်ရှိ၌ ဆိပ်ကမ်းတွင် အခြေချလုပ်ကိုင်နေသည့် လုပ်ငန်းများအား ပြောင်းရွှေ့ရန် အသိပေးစာ နှစ်ကြိမ် ထုတ်ပြန်ပြီး သဲလုပ်ငန်းနှင့် ဝါးလုပ်ငန်းများ ပြောင်းရွှေ့လျက်ရှိပြီး အခြားလုပ်ငန်းများ ပြောင်းရွှေ့ရန် ဒီဇင်ဘာလမကုန်ခင် တတိယအကြိမ်မြောက် အသိပေးစာ ထပ်မံထုတ်ပြန်သွားမည်ဖြစ်ကြောင်း ၎င်းကော်မတီမှ သိရပါတယ်။


ဧရာဝတီမြစ်ဘေးရှိ အဆိုပါဆိပ်ကမ်းနေရာမှာ လက်ရှိ၌ သဲလုပ်ငန်း၊ ဝါးလုပ်ငန်း၊ ကုန်တင်ကုန်ချလုပ်ငန်းနှင့် နှုန်းလုပ်ငန်းများ အများဆုံး လုပ်ဆောင်နေသည့် ဆိပ်ကမ်းတစ်ခုဖြစ်ပါတယ်။


မန္တလေးမြို့ မရမ်းခြံဆိပ်ကမ်းသည် နိုင်ငံခြားသားခရီးသွားများအား မင်းကွန်းသို့ ပို့ဆောင်သည့် ရေယာဉ်များဆိုက်ကပ်ရာ ဆိပ်ကမ်းတစ်ခုဖြစ်ပြီး ဗျူးပွိုင့်မှ (၂၂)လမ်းထိ ဆိပ်ကမ်းအရှည် ပေပေါင်း (၃၆၀၀) ဝန်းကျင် အကျယ်ရှိသည်ဟု သိရှိရသည်။

Local Read 138 times