ကန်ထရိုက်တိုက်ခန်းများတည်ဆောက်ရန်အတွက် ၂၀၁၆ နှစ်စတွင် လျှောက်ထားမှုပြန်လည်မြင့်တက်လာကြောင်းရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ သတင်းရရှိသည်။
၁၂ ထပ်အောက် အထပ်မြင့်တိုက်ဆောက်လုပ်ခွင့် လျှောက်ထားသူအရေအတွက်မှာယခုလအတွင်း ၄၀ ရာခိုင်နှုန်းခန့် ပြန်လည်မြင့်တက်လာခဲ့ကြောင်းရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဝင်(၆) ဦးဌေးအောင်ကပြောသည်။
ပြီးခဲ့သည့်နှစ်ကယခုကဲ့သို့ အချိန်မျိူးတွင် ဆောက်လုပ်လိုသူလုပ်ငန်းရှင် အရေအတွက် စတင် လျော့ကျလာခဲ့ရာ ၂၀၁၅ ခုနှစ် တစ်နှစ်လုံးတွင် စံချိန် တင်လျှောက်ထားမှု လျော့ကျလာခဲ့ရာယခု ၂၀၁၆ တွင် ပြန်လည် မြင့်တက် လာခြင်းဖြစ်သည်။
အစိုးရအပြောင်းအလဲနှင့်အတူ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများဝင်ရောက်မှုနှုန်းမြင့်တက်နိုင်သည့် အခြေအနေကြောင့် လုပ်ငန်းရှင်အချို့ ကြိုတင်ပြင်ဆင်လာကြသည့်အတွက် ကန်ထရိုက် အဆောက်အအုံဆောက်လုပ်မှု အရေအတွက် ပြန်တက်လာခဲ့ခြင်း ဖြစ်သည်ဟုဆောက်လုပ်ရေးလုပ်ငန်းရှင်များကခန့်မှန်းလျှက်ရှိသည်။
ရန်ကုန်မြို့တွင်းအထပ်မြင့်အဆောက်အအုံဆောက်လုပ်မှုနှင့်ပတ်သက်၍ ၁၂ ထပ်ခွဲအထိကိုရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီကစိစစ်ခွင့်ပြုပေးနေခြင်းဖြစ်ပြီးယင်းအထပ်အရေအတွက်မြင့်မားပါကအထပ်မြင့်အဆောက်အအုံများစစ်ဆေးရေးကော်မတီမှတဆင့် ဆောက်လုပ်ခွင့်ကိုအစိုးရအဖွဲ့ကစိစစ်ခွင့်ပြု ခြင်းဖြစ်သည်။
ပြည်တွင်းဆောက်လုပ်ရေးလုပ်ငန်းများမှ ကန်ထရိုက် အဆောက်အအုံဆောက်လုပ်မှုမှာ ၂၀၁၅ သင်္ကြန်အပြီးကာလမှစ၍ ကျဆင်းခဲ့ပြီးမိုးတွင်းကာလနှင့် ရွေးကောက်ပွဲရှိနေခြင်းကြောင့် ယင်းလုပ်ငန်းမှာ ကြာမြင့်စွာဆက်လက်ကျဆင်းခဲ့သည်။
‘‘ရှေ့ဆက်တော့ ကောင်းလာဖို့ ရှိပါတယ်။ အခုကတော့ ဆောက်လုပ်ရေးလုပ်ငန်းတွေ ဖွံ့ဖြိုးဖို့အတွက် စည်ပင်ရဲ့အထပ်အမြင့်ကန့်သတ်တဲ့ကိစ္စတွေကြောင့် တွင်ကျယ်သင့်သလောက် မတွင်ကျယ်တဲ့ အခြေအနေတွေတော့ ရှိနေသေးတယ်’’ ဆောက်လုပ်ရေးလုပ်ငန်းရှင်ကြီးတစ်ဦးကသုံးသပ်သည်။