ရန်ကုန်-မန္တလေးရထားလမ်းပိုင်း အဆင့် (၁) ရန်ကုန်-တောင်ငူလမ်းပိုင်း အဆင့်မြှင့်တင်ရေးစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ယန်း ဘီလျံ ၄၀ ကျော် ချေးငွေရယူမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။
အဆိုပါချေးငွေရယူခြင်းသည် ရန်ကုန်-တောင်ငူလမ်းပိုင်း အဆင့် (၁) အတွက် တတိယအကြိမ်မြောက် ထုတ်ယူခြင်းဖြစ်ပြီး ပထမအကြိမ်တွင် ယန်း ဘီလျံ ၂၀ နှင့် ဒုတိယအကြိမ်တွင် ယန်း ၂၅ ဘီလျံ ထုတ်ယူပြီးဖြစ်သည်။
ရန်ကုန်-မန္တလေးရထားလမ်းပိုင်း အဆင့်မြှင့်တင်ရေးစီမံကိန်းကို အဆင့်နှစ်ဆင့်ခွဲခြား ဆောင်ရွက်ခြင်းဖြစ်ပြီး အဆင့် (၁) တွင် ရန်ကုန်-တောင်ငူလမ်းပိုင်း၊ အဆင့် (၂) တွင် တောင်ငူ-မန္တလေးလမ်းပိုင်း ဟူ၍ သတ်မှတ်ထားသည်။
အဆင့် (၁) တောင်ငူလမ်းပိုင်းတွင် သံလမ်းလုပ်ငန်းများ၊ တံတားလုပ်ငန်းများ၊ မြို့ပြလုပ်ငန်းများ၊ အချက်ပြနှင့် ဆက်သွယ်ရေးလုပ်ငန်းများနှင့် DEMU တွဲဆိုင်းအသစ်များ ဝယ်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါစီမံကိန်းတွင် ခေတ်မီရထားလုပ်ငန်း စနစ်များဖြင့် ရန်ကုန်-မန္တလေး အဓိကရထားလမ်းမကြီးနှင့် အချက်ပြစနစ်များကို အဆင့်မြှင့်တင်ခြင်းဖြစ်သည့်အတွက် စီမံကိန်းပြီးစီးပါက ခေတ်မီတွဲဆိုင်းအသစ်များဖြင့် တစ်နာရီလျှင် ကီလိုမီတာ ၁၀၀ အထိ ပြေးဆွဲနိုင်မည့်အပြင် ရထားလမ်းပြေးဆွဲချိန်သည် ရှစ်နာရီထက် မပိုဘဲ ပြေးဆွဲနိုင်မည်ဖြစ်ကြောင်း သိရသည်။