မူဆယ်ဗဟိုစီးပွားရေးဇုန် ကို လေးနှစ်အတွင်း အပြီးတည်ဆောက်မည်


09 November, 2020

တရုတ်နိုင်ငံရှိ ရွှေလီမြို့နှင့် မြန်မာနိုင်ငံရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့အကြား၊ရွှေလီမြစ်အနီး မြစ်ဝှမ်းလွင်ပြင်တွင် တည်ဆောက်နေသော နိုင်ငံတကာ အဆင့်မီ မူဆယ်ဗဟိုစီးပွားရေးဇုန်တစ်ခုလုံး အား လာမည့် လေးနှစ်အတွင်း အပြီးတည်ဆောက်မည်ဖြစ်ကြောင်းသိရသည်။

ယင်းစီမံကိန်းအတွင်း ရင်းနှီးမြှုပ်နှံလိုသော လုပ်ငန်းရှင်များအား တရုတ်နိုင်ငံတောင်ပိုင်းနန်နင်းမြို့တွင် စက်တင်ဘာ၁၂ရက်မှ စက်တင်ဘာ ၁၅ရက်အထိကျင်းပခဲ့သော

၁၄ကြိမ်မြောက် တရုတ်အာဆီယံကုန်စည်ပြပွဲ(CAXPO) တွင် ဖိတ်ခေါ်ခဲ့ကြောင်းလည်းသိရသည်။

မူဆယ်သည် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းတွင် အခွင့်အလမ်းအများကြီး ရှိကြောင်း၊အရှေ့တောင်အာရှမှာ မူဆယ်ဒေသသည် အကောင်းဆုံးကုန်သွယ်မှုတစ်ခုဖြစ်လာမည်ဟုယုံကြည်ကြောင်း၊ခရီး၊သွားလုပ်ငန်းအတွက် အများကြီးလုပ်နိုင်သော နေရာတစ်ခုလည်းဖြစ်ကြောင်းလည်းသိရသည်။

ထိုစီမံကိန်းသည် ပင်လယ်ရေမျက်နှာပြင်အထက်ပေ၂၇ဝဝ တွင် ရှိပြီး စုစုပေါင်း ၂၉၄ ဒသမ ၇၈၉ ဧကကျယ်ဝန်းကြောင်း၊စီးပွားရေးဗဟိုဌာနအဖြစ်လည်းကောင်း၊ဒေသခံ ပြည်သူများ ဆင်းရဲနွမ်းပါးမှု လျော့နည်းကျဆင်းစေရေးအတွက်လည်းကောင်း၊အလုပ်အကိုင်အခွင့်အရေးများ တိုးတက်ရရှိစေရေး တို့အတွက် လည်းကောင်း ရည်ရွယ်ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဒေသန ္တရဖွံ့ဖြိုးရေးစီမံကိန်းကော်မတီနှင့် နယူးစတားလိုက် ဆောက်လုပ်ရေးကုမ္ပဏီလီမိတက်တို့မှ အကျိုးတူပူးပေါင်း ဆောင်ရွက်နေခြင်းဖြစ်ကြောင်းသိရသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် ၂ဝ၁၃ခုနှစ် ဇူလိုင်လက ယင်းစီမံကိန်းအား စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ စီမံကိန်းဇုန် ၆ခုပါဝင်ကြောင်း၊ စုစုပေါင်း တည်ဆောက်သည့် ဧရိယာတစ်ခုလုံး၏ ၃၈ဒသမ၄၂ရာခိုင်နှုန်း ကို အပန်းဖြေဥယျာဉ်များ ကစားကွင်းများဖြင့် အများသက်ဆိုင်ဧရိယာအဖြစ် သတ်မှတ်ဆောင်ရွက်ထားခြင်းဖြစ်ကြောင်းသိရသည်။

စီမံကိန်းအတွင်း ဇုန်(၁)တွင် လမ်းလျှောက်ဈေး၊ကျောက်မျက်ဈေး၊လက်ကားဆိုင်၊အရောင်းပြခန်းများ၊ကြယ် နှစ်ပွင့် ဟိုတယ်တစ်လုံးပါဝင်မည်ဖြစ်ပြီး ဇုန်(၂)တွင် ဈေး၊လူနေအဆောက်အအုံ၊ကွန်ဒိုမီနီယမ်၊ဘဏ်များ၊ယဉ်ကျေးမှုစင်တာ၊အုပ်ချုပ်မှုစင်တာ၊ရဲစခန်း၊မီးသတ်၊လျှပ်စစ်၊ဆက်သွယ်ရေးစသည့် ရုံးလုပ်ငန်းဆိုင်ရာများ၊ဇုန်(၃)တွင် ဟိုတယ်နှင့် စားသောက်ဆိုင်များ၊ဇုန်(၄),(၅),(၆) တွင် လူနေအိမ်ရာသီးသန့်ဇုန်များပါဝင်ကြောင်းသိရသည်။

ယင်းစီမံကိန်းကြီးအတွင်းဇုန်တစ်ခုချင်းစီကိုဖွင့်လှစ်သွားမည်ဖြစ်ပြီး ဆိုင်ခန်းပေါင်း ၁၉၂ ခန်းပါဝင်သောနိုင်ငံတကာ အဆင့်မီ လမ်းလျှောက်ဈေးကြီး ဖွင့်လှစ်ထားပြီဖြစ်ကြောင်း၊စီမံကိန်းကြီးတစ်ခုလုံးကို ၂ဝ၂၁ခုနှစ်တွင် အပြီးတည်ဆောက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

Pyi Myanmar

Infrastructure and Zones Read 60 times