မူဆယ် - မန္တလေး ရထားလမ်းဖောက်လုပ်ရေးစီမံကိန်းအတွက် Feasibility Study (လုပ်ငန်းဖြစ်မြောက်နိုင်ခြေလေ့လာမှု) အရ စီမံကိန်းကုန်ကျစရိတ်ဒေါ်လာ ၈ ဒမသ ၉ ဘီလီယံကျော် ကုန်ကျမည်ဟု ခန့်မှန်းထားကြောင်း မြန်မာ့မီးရထားလုပ်ငန်းဦးဆောင်ညွှန်ကြား ရေးမှူး ဦးဘမြင့်က ပြောသည်။
မြေပြင်တိုင်းတာမှု ဆာဗေးလုပ်ငန်းများအတွက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားနှင့် တရုတ်နိုင်ငံ China Railway Eryuan Engineering Group တို့ နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုး လုပ်ကိုင်နေခြင်းဖြစ်သည်။
‘‘အိမ်နီးနားချင်းနိုင်ငံများနဲ့ ရထားလမ်းချိတ်ဆက်မှုသည် ဒါ ပထမဆုံးချိတ်ဆက်မယ့် နိုင်ငံတကာ၊ ဒါမှမဟုတ် ဒေသတွင်း ချိတ်ဆက်ဖို့အတွက် ရထားလမ်းဖြစ်ပါလိမ့်မယ်’’ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဝင်းခန့်က ပြောသည်။
မေလ ၁၃ ရက်က နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန၌ နိုင်ငံတော်အစိုးရ၏ပြည်သူ့အတွက် တတိယတစ်နှစ်တာကာလအတွင်း ဆောင်ရွက်မှုများနှင့် ပတ်သက်၍ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲအတွင်း မီဒီယာများ ၏မေးမြန်းမှုကို အထက်ပါအတိုင်း ပြန် လည်ဖြေကြားသည်။
ဆာဗေးရလဒ်အပေါ် နိုင်ငံအတွင်းရှိ ပညာရှင်များမှ ပြန်လည်စိစစ်၍ နိုင်ငံအတွက် အမှန်တကယ်အကျိုးရှိသော စီမံကိန်းဖြစ်ပါက နိုင်ငံတော်သို့ ဆက်လက်တင်ပြမည်ဖြစ်ပြီး လုပ်ငန်းဆက် လက်လုပ်ကိုင်နိုင်ရန် အင်တာနေ ရှယ်နယ်တင်ဒါကို ဆက်လက်ခေါ်ယူမည်ဟု ဦးဝင်းခန့်က ဆိုသည်။
‘‘တင်ဒါခေါ်မယ်။ PPP နဲ့ သွားမယ်’’ဟု ၎င်းက ပြောသည်။
မြေပုံအတွင်း တွက်ချက်မှု များအရ မူဆယ်-မန္တလေးရထား လမ်းသည် ၄၂၁ ကီလိုမီတာ (၂၆၇ဒသမ ၈၁ မိုင်)ခန့် ကွာဝေးပြီး မူဆယ်၊ ကွတ်ခိုင်၊ သိန်းနီ၊ လားရှိုး၊ ကျောက်မဲ၊ သီပေါ၊ မေမြို့ စသည့် မြို့များကို ဖြတ်သန်းမည်ဖြစ်ကြောင်း မြန်မာ့မီးရထားလုပ်ငန်းက ရှင်းလင်းထားသည်။
‘‘အကြမ်းဖျင်း တစ်နာရီကို ၁၆၀ ကီလိုမီတာပြေးမယ်။ ကီလိုမီတာ ၂၀၀ အထိကို သွားဖို့လည်းချိန်ထားပါတယ်။ လမ်းကိုလည်း တစ်လမ်းမောင်းကို အရင်သုံးပြီး နှစ်လမ်းမောင်းအတွက်ကို လျာ ထားမယ်’’ဟု ဦးဘမြင့်က ဆိုသည်။
အကြမ်းဖျင်းတွက်ချက်မှုများအရ လမ်းအူကြောင်းအသစ် ဖောက်လုပ်မည်ဖြစ်ပြီး ပြင်ဦးလွင် ကို ဗဟိုပြု၍ လမ်းကြောင်းများရွေးချယ်ထားကာ မူဆယ်နှင့် မန္တလေး ကြာမြင့်ချိန် သုံးနာရီ ခန့်မှန်းထားသည်။
ဆိုက်ရောက်မည့် ဘူတာကိုလည်း လက်ရှိဘူတာအစား မန္တလေးမြို့တောင်ဘက်ရှိ ပလိပ်မြို့အနီး မြေနေရာလွတ်တစ်ခုတွင် အသစ်ပြုလုပ်မည်ဟု ဦးဘမြင့်က ဖြည့်စွက်ပြောကြားသည်။
‘‘တိုင်းတာမှုတွေအားလုံးကတော့ ဒီနှစ်ကုန်လောက်မှ ပြီးမယ် လို့ ခန့်မှန်းတယ်’’ဟု ဦးဘမြင့်က ပြောသည်။