မြရိပ်ညို စီမံကိန်းအတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနထံ ဇေကမ္ဘာကုမ္ပဏီ အယူခံတင်ဟုဆို


16 November, 2019

တပ်မတော်က ဖယ်ရှားပေးရန် သတိပေးစာပို့ခံထားသော ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ မြရိပ်ညို အထပ်မြင့် စီမံကိန်း အတွက် ဇေကမ္ဘာကုမ္ပဏီက ဆောက်လုပ်ရေးဝန်ကြီးဌာနထံ အယူခံတင်ထားကြောင်း သိရသည်။

ဇေကမ္ဘာကုမ္ပဏီသည် ၁၉၅၅ ခုနှစ် အစိုးရအိမ်ဥပစာ (နှင်ထုတ်ခြင်း) အက်ဥပဒေအရ ဆောက်လုပ်ရေးဝန်ကြီးဌာန၏ အယူခံဘုတ်အဖွဲ့ ထံသို့ နိုဝင်ဘာလအတွင်းကတည်းပင် လာရောက်အယူခံတင်ထားပြီး ဖြစ်ကြောင်း၊ ယင်းအယူခံနှင့် ပတ်သက်ပြီး ယခုလအတွင်း တပ်မတော်နှင့် ဇေကမ္ဘာကုမ္ပဏီတို့ကို ဝန်ကြီးဌာန ဘုတ်အဖွဲ့က ကြားနာသွားမည် ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြ နှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနမှ အကြီးတန်းအရာရှိတစ်ဦးက ပြောသည်။

“အခုကတော့ အယူခံတင်ထားတဲ့အတွက် နို့တစ်စာ သတ်မှတ်ရက်ကျော်နေပေမယ့် မဖယ်ရဘူးပေါ့။ အယူခံ အဖွဲ့ရဲ့ ဆုံးဖြတ်ချက်ကျပြီးမှပဲ ဆက်ဆောင်ရွက်ကြမှာပေါ့” အဆိုပါ အကြီးတန်းအရာရှိက ဆိုသည်။

လာမည့် အယူခံကြားနာမှုတွင် အဆိုပါ မြေနေရာသည် အစိုးရအိမ်ဥပစာ ဖြစ်ခြင်း၊ မဖြစ်ခြင်း နှင့် အခွင့်ရအာဏာပိုင် ၏ ဆောင်ရွက်မှုများသည် နည်းလမ်းတကျ ဆောင်ရွက်ခြင်း ရှိ၊ မရှိကို ကြားနာသွားမည်ဖြစ်ကြောင်း သိရသည်။

အစိုးရအိမ်ဥပစာ ဆိုသည်မှာ ပြည်ထောင်စုအစိုးရအဖွဲ့၊ ပြည်ထောင်စုဝန်ကြီးဌာနများ၊ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရများ၊ စည်ပင်သာယာရေး ကော်မတီများ၊ စည်ပင်သာယာရေးအဖွဲ့များက ပိုင်ဆိုင်သော၊ ငှားရမ်းယူထားသော သို့မဟုတ် ခေတ္တသိမ်းယူထားသော အဆောက်အဦးများ၊ ပန်းခြံ၊ မြေ နှင့် အိမ်ရာအဆောက်အဦးများ ဖြစ်သည်။

အဆိုပါ ဥပဒေအရ ဇေကမ္ဘာကုမ္ပဏီအနေဖြင့် ၎င်း၏အယူခံတင်မှုကို ဘုတ်အဖွဲ့က ပယ်ဖျက်လိုက်ပါက စာခွျှန်လွှာ တင်သည့် အခွင့်အရေး တခုထပ်ရှိသေးကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနထံမှသိရသည်။

မြရိပ်ညို စီမံကိန်းမှ ဇေကမ္ဘာကုမ္ပဏီကို ဖယ်ရှားခိုင်းသည့် နောက်ဆုံးရက်ကျော်လွန်သွား ပြီဖြစ်၍ ဥပဒေ အတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး သန်းထူးဇော်က ပြောသည်။

၎င်းက “ သူတို့ မဖယ်ရင် ကျနော်တို့က ဥပဒေအတိုင်းပဲ ဆက်လက်ဆောင်ရွက်သွားမှာပါ။ ကျန်တဲ့ ကိစ္စတွေက ပြောလို့မရသေးဘူး ဥပဒေအရ ဆက်ဆောင်ရွက်မယ်လို့ပဲ ဖြေလို့ရတယ်” ဟု ဆိုသည်။

မြရိပ်ညို အထပ်မြင့် အိမ်ယာစီမံကိန်း ဆောက်လုပ်ရန် တပ်မတော်နှင့် ဇေကမ္ဘာကုမ္ပဏီတို့အကြား သဘောတူထား ခြင်း ဖြစ်သော်လည်း ကုမ္ပဏီဘက်မှ နားလည်မှုစာချွန်လွှာ ပါသဘောတူညီချက်များကို ချိုးဖောက်သည်ဟုဆိုကာ နိုဝင်ဘာလ ၃၀ ရက်နေ့ နောက်ဆုံးထား ဖယ်ရှားပေးရန် တပ်မတော်က သတိပေးထားခြင်းဖြစ်သည်။

မြရိပ်ညို အိမ်ရာစီမံကိန်းသည် တပ်ပိုင် မြေဧက ၁၃ ဧက ကျော်ပေါ်တွင် အကောင်အထည်ဖော်မည့် ၁၂ ထပ်ပါ အထပ် မြင့် အဆောက်အဦး စီမံကိန်း တခုဖြစ်သည်။

ဇေကမ္ဘာကုမ္ပဏီ အနေဖြင့် တပ်မတော်နှင့် နှစ်ဘက်သဘောတူ ချုပ်ဆိုထားသော စာချုပ်များကို ချိုးဖောက်ခြင်း၊ မြေ အသုံးပြု ငှားရမ်းခ များကို ပေးသွင်းရန် ပျက်ကွက်ခြင်း၊ ဇေကမ္ဘာကုမ္ပဏီသည် တရုတ်ကုမ္ပဏီ တခုနှင့် Yangon New World စီမံကိန်းကို ခွင့်ပြုချက် တစုံတရာ မယူဘဲ လုပ်ကိုင်ခြင်း၊

ယင်းအပြင် ကုမ္ပဏီအနေဖြင့် BOT စာချုပ်ချုပ် ဆိုနိုင် ခြင်း မရှိသည့် အချိန်တွင် သက်ဆိုင်ရာကို တင်ပြခြင်း မရှိဘဲ ရှေးဟောင်းသမိုင်းဝင် မြို့တော်ဝန်အိမ်အပါအဝင် အခြား အဆောက်အဦး ၂ လုံးကို ဖြိုဖျက်ခြင်း စသည့် အကြောင်းပြချက်များဖြင့် တပ်မတော်က ၂၀၁၈ ခုနှစ်ထဲတွင် အဆိုပါ စီမံကိန်းကို ပိတ်ပင် ရပ်ဆိုင်းခဲ့သည်။

ယင်းအပြင် အဆိုပါစီမံကိန်းသည် မြို့နယ် ၈ မြို့နယ် ရေပေးဝေနေသည့် ကုက္ကိုင်းရေလှောင်ကန် မြေနေရာကို ထိခိုက် နိုင်သည် ဆိုသော ကန့်ကွက်မှုများကြောင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကလည်း ၂၀၁၈ ခုနှစ်အတွင်း၌ စီမံကိန်းကို ရပ်ဆိုင်းထားရန် တားမြစ်ထားသည်။ ယင်းကိစ္စနှင့် ပတ်သက်ပြီး ဇေကမ္ဘာကုမ္ပဏီမှ တာဝန်ရှိသူတဦးက “အခုချိန်မှာ ကျနော်တို့ ဘာမှတ်ချက်မှ မပေးလိုပါဘူး ” ဟု ပြောသည်။

Local Read 62 times