မြန်မာနိုင်ငံ၏ ပထမဆုံးရေအောက်ပြတိုက်ပါဝင်မည့် Myanmar Aquarium အဏ္ဏဝါပြတိုက်အား ရန်ကုန်မြို့ကန်တော်ကြီးဝင်းအတွင်း တည်ဆောက်လျက်ရှိရာ လာမည့် ၂ဝ၁၉ ခုနှစ် နှစ်လယ်ပိုင်းတွင် အပြီးသတ်နိုင်မည်ဟု မျှော်မှန်းထားကြောင်း စီမံကိန်းတည်ဆောက်မှု Mottama Holding ကုမ္ပဏီထံမှ သိရသည်။
အဆိုပါ အဏ္ဏဝါ ပြတိုက်ကို ငါးလုပ်ငန်းဦးစီးဌာန၊ Mottama Holding နှင့် ပြည်တွင်း မိတ်ဖက်ကုမ္ပဏီဖြစ်သော Power Plus ကုမ္ပဏီတို့က ပူးပေါင်းတည်ဆောက်ခြင်းဖြစ်သည်။
အဏ္ဏဝါပြတိုက်တစ်ခုတွင်ရှိသင့် ရှိထိုက်သည့် လုံခြုံမှုနှင့် အရည်အသွေးပြည့်မီရန်အတွက် အဏ္ဏဝါ ပြတိုက်ဆိုင်ရာကျွမ်းကျင်ပညာရှင်များ အား သြစတေးလျမှ ငှားရမ်းထားသည်။
Myanmar Aquarium သည် ရှားပါးပြီးတွေ့ရန်ခက်ခဲသည့် ရေအောက်သတ္တဝါ မျိုးစုံနှင့် ၎င်းတို့၏ နေထိုင်သွားလာမှုပုံစံ အပါအဝင် ငါးဖမ်းအလုပ်သမားများ၏ လူနေမှု ပုံစံစသည်တို့ကိုပါ ကြည့်ရှုလေ့လာနိုင်မည့်နေရာတစ်ခုဖြစ်သည်။
ပြသမည့် ပြခန်းများကို ဘင်္ဂလားပင်လယ်အော်၊အင်းလေးကန်၊အန်ဒမန်ပင်လယ်၊မြိတ်ကျွန်းစုသန္တာကျောက်တန်းစသဖြင့် မြန်မာပြည်မြောက်ပိုင်းမှ တောင်ပိုင်းအထိ နေရာခွဲခြားထားမည်ဖြစ်ပြီးကိုယ်တိုင် ယင်းနေရာများသို့ အမှန်တကယ် ရောက်သွားသကဲ့သို့ ပင်လယ် သမုဒ္ဒရာထဲရှိ ရေသတ္တဝါများအား အနီးကပ် ထိတွေ့ခံစား ရသလို ဖြစ်ရန် တည်ဆောက်မည်ဖြစ်သည်။
အဏ္ဏဝါပြတိုက်အတွက် ဝင်ကြေးကိုမူ လတ်တလော မသတ်မှတ်ရသေးဘဲ အများပြည်သူဝင်ရောက်ကြည့်ရှုနိုင်မည့်နှုန်းထားကိုသာ သတ်မှတ်သွားမည်ဖြစ်ကြောင်းသိရသည်။