ရခိုင်ပြည်နယ်တွင် ဧက ၂,၇၀၀ ကျယ်ဝန်းသည့် မြောက်ဦး မြို့သစ်စီမံကိန်းနှင့် ဧက ၂၆,၀၀၀ ကျော်ရှိ မာန်အောင် ကျွန်း ခရီးသွားလုပ်ငန်းဖွံ့ဖြိုးမှု စီမံကိန်းတို့ အကောင်အထည်ဖော်ရန် စတင်နေကြောင်း ရခိုင်ပြည်နယ်အစိုးရက ထုတ်ပြန်သည်။
ရခိုင်ပြည်နယ် ငပလီကမ်းခြေတွင် ကျင်းပသည့် ရခိုင်ရင်းနှီးမြှုပ်နှံမှုပြပွဲ၌ ပြည်နယ်အစိုးရက ပြည်နယ်တွင်းရှိ စီမံကိန်းကိုးခုကို မိတ်ဆက်ရာတွင် အဆိုပါ စီမံကိန်းအသစ်များ ထည့်သွင်း ဖော်ပြခြင်းဖြစ်သည်။
မြောက်ဦးမြို့သစ်စီမံကိန်းတွင် မြောက်ဦးဒေသ ခရီးသွားလုပ်ငန်းတိုးတက်ရေး ဟိုတယ်ဇုန်လုပ်ငန်းများပါဝင်ပြီး ပြည်နယ်အစိုးရနှင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ဦးဆောင်ပြုလုပ်ခြင်းဖြစ်သည်ဟု ရခိုင်ပြည်နယ်ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးရဲအောင်မိုးက ပြောသည်။
‘‘စဖို့လုပ်နေပါပြီ။ မြေယာ ပြဿနာလေးတွေ မရှင်းသေးလို့ လုပ်နေတာပါ’’ဟု ၎င်းက ဆက်လက်ပြောသည်။
အဆိုပါ စီမံကိန်းအတွက် ပထမအဆင့် မြေဧက ၄၀၀ ကို မြို့သစ်ဖွံ့ဖြိုးတိုးတက်ရန် စီမံကိန်းအဖြစ် ဆောင်ရွက်ခြင်းဖြစ်ပြီး စက်မှုဇုန်၊ ဟိုတယ်ဇုန်နှင့် လူနေအိမ်များပါဝင်မည်ဟု ပြည်နယ်အစိုးရက ထုတ်ပြန်ထားသည်။
အဆိုပါ စီမံကိန်းအတွက် အစိုးရအစီအမံဖြင့်သာ အကောင်အထည်ဖော်ခြင်းဖြစ်ပြီး ပုဂ္ဂလိက ကုမ္ပဏီများကို ဖိတ်ခေါ်ခြင်း မရှိသေးကြောင်း ဦးရဲအောင်မိုးက ပြောသည်။
မြောက်ဦးလေဆိပ် အကောင်အထည်ဖော်ရန် မြောက်ဦးမြို့နယ် ကျားရွာအနီး မြေဧက ၆၀၀ ကျော်တွင် ၂၀၁၆ ကတည်းက စတင်အကောင်အထည်ဖော်နေခြင်းဖြစ်သည်။ လက်ရှိတွင် မြေပြုပြင်ခြင်းလုပ်ငန်းများ ပြီးစီးနေပြီဟု ဆိုသည်။
အဆိုပါ မြို့သစ်စီမံကိန်းနှင့် လေဆိပ်စီမံကိန်း နှစ်ခုစလုံးအတွက် ပြည်နယ်အစိုးရက ရှေးဟောင်းမြို့ဧရိယာ၊ ရန်ကုန်-စစ်တွေကားလမ်း အဆိုပြုလွှာ၊ စီးပွားရေးဇုန်၊ လူနေဇုန်၊ ဟိုတယ်ဇုန် (၁) နှင့် (၂)ကို ထုတ်ပြန်ထားသည်။ အကယ်၍ ရင်းနှီးမြှုပ်နှံလိုသူများသည် စိတ်ဝင်စားမှုရှိပါက စီမံကိန်းဖြစ်နိုင်ခြေ ရှိ၊ မရှိ ကြိုတင်လေ့လာဆန်းစစ်ရန် လိုအပ်သည်ဟု ရင်းနှီးမြှုပ်နှံမှုကော်မရှင်က အကြံပြုထားသည်။
ထို့ပြင် ပြည်နယ်အစိုးရက ငပလီလေဆိပ်ကို အဆင့်မြှင့်တင်ခြင်းနှင့် မာန်အောင်ကျွန်းသဘာဝခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးစီမံကိန်းကိုလည်း မိတ်ဆက်ခဲ့သည်။ မာန်အောင်ကျွန်း စီမံကိန်းကို ၂၀၁၉ မှ ၂၀၂၃ အတွင်း စီမံကိန်းပထမအဆင့် ဧက ၅၀ ပြီးစီးမည်ဟု ပြည်နယ်အစိုးရက ထုတ်ပြန်ထားသည်။
ပြည်နယ်အစိုးရက ထုတ် ပြန်ကြေညာသော စီမံကိန်းကိုးခု မှာ ကျောက်ဖြူအထူးစီးပွားရေး ဇုန်ဖွံ့ဖြိုးမှုစီမံချက်၊ ပုဏ္ဏားကျွန်း စက်မှုဇုန်၊ ကညင်ချောင်းကုန် သွယ်ရေးဇုန်၊ ကုလားတန်မြစ်ကြောင်း ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း၊ ကျေးတော-မင်းဂံ ဖွံ့ဖြိုးမှုစီမံကိန်း၊ မြောက်ဦးမြို့သစ်စီမံကိန်း၊ မြောက်ဦးလေဆိပ်စီမံကိန်း၊ ငပလီကလေဆိပ်အဆင့်မြှင့်တင်ရေးစီမံကိန်းနှင့် မာန်အောင်ကျွန်း- သဘာဝခရီး သွားလုပ်ငန်းဖွံ့ဖြိုးမှုစီမံကိန်းတို့ ဖြစ်သည်။