မြန်မာ-ထိုင်း နယ်စပ် မြဝတီမြို့ကို မြို့ပြဖွံ့ဖြိုးမှုစီမံကိန်း ဆောင်ရွက်ရန် ထိုင်းအစိုးရ ထံမှ ကန်ဒေါ်လာ ၂၄ ဒသမ ၃ သန်း ချေးယူမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက လွှတ်တော်သို့ တင်ပြသည်။
ထိုင်းဘဏ္ဍာရေးဝန်ကြီးဌာနလက်အောက်ရှိ Neighbouring Countries Economic Develop-ment Cooperation Agency (NEDA) အဖွဲ့ထံမှ ချေးယူမည် ဖြစ်ကြောင်း နိုဝင်ဘာ ၁၅ ရက် တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးသို့ တင် ပြခဲ့သည်။
ချေးငွေသည် ဆိုင်းငံ့ကာလ အနှစ် ၂၀ ဖြစ်ပြီး ပြန်ဆပ်ကာလ ၁၀ နှစ်ဖြစ်ကာ အတိုးနှုန်း ၁ ဒသမ ၅ ရာခိုင်နှုန်းဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက လွှတ်တော်သို့ ရှင်းပြသည်။
‘‘မြို့ပြ သာယာလှပရေး ဆောင်ရွက်ဖို့ ချေးယူတာဖြစ်ပါ တယ်’’ဟု ဆောက်လုပ်ရေးဝန် ကြီး ဦးဟန်ဇော်က ပြောသည်။
ဆောက်လုပ်ရေးဝန်ကြီး ဌာနအနေဖြင့် မဟာမဲခေါင်ဒေသခွဲ အရှေ့အနောက်စီးပွားရေး စင်္ကြံလမ်းတစ်လျှောက်ရှိ မြို့များတွင် မြို့ပြဖွံ့ဖြိုးမှုစီမံကိန်းများ ဆောင်ရွက်ရန် စီစဉ်နေပြီး ယင်း သို့ ဖွံ့ဖြိုးရေးဆောင်ရွက်မည့် မြို့များ၌ မြဝတီမြို့လည်း အပါအဝင်ဖြစ်သည်။
ထိုင်းနိုင်ငံမှ ချေးယူမည့် ချေးငွေဖြင့် မြဝတီမြို့ ရေမြောင်းများ စနစ်တကျဖြစ်စေရေး၊ ရေစီးရေ လာကောင်းမွန်ရေး၊ အမှိုက်သိမ်းစနစ်ကောင်းမွန်ရေးနှင့် မြို့ပြဖွံ့ဖြိုးသာယာလှပရေး ဆောင်ရွက်မည်ဖြစ်ကြောင်း ဦးဟန်ဇော် က လွှတ်တော်သို့ ရှင်းပြသည်။
ယင်းအပြင် ချေးငွေဖြင့် ရှေးဟောင်းအဆောက်အအုံများကို လည်း ပြုပြင်မည်ဖြစ်ပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း ဝန်ကြီးက ရှင်းပြသည်။
မဟာမဲခေါင်ဒေသခွဲ အရှေ့အနောက်မြို့များဖြစ်သည့် ဘားအံနှင့် မော်လမြိုင်မြို့တွင် မြို့ပြ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ပြီး ယင်းမြို့များ၌ ဆောင်ရွက်ရန် အာရှဖွံ့ဖြိုးရေး ဘဏ် (ADB) မှ ကန်ဒေါ်လာ သန်း ၈၀ ချေးယူထားသည်။
အဆိုပါ ချေးယူမည့် ကိစ္စအပေါ် ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ လွှတ် တော်တွင် ဆွေးနွေးနိုင်သည်။